အယူဝါဒ မှားခဲ့သူတစ်ယောက် အကြောင်း
ရင်တွင်းစကား
သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ ဓမ္မရုစိယဆိုတဲ့ ခုနစ်နှစ်သား သာမဏေငယ်လေး တစ်ပါး ဘုရားရှင်ထံ ရောက်လာပြီး ထိခြင်းငါးပါးနဲ့ ကန်တော့ကာ ဘုရားရှင်အား ရင်းရင်းနီးနီး ကြည့်ရှုတော်မူကာ ရင်တွင်းစကားကို လျှောက်ကြားပါတော့တယ်။
သုစိရံ သတပုညလက္ခဏံ၊ ပတိပုဗ္ဗေန ဝိသုဒ္ဓပစ္စယံ။
အဟမဇ္ဇ သုပေက္ခနံ ဝတ၊ တဝ ပဿာမိ နိရုပမံ ဝိဂ္ဂဟံ။
အရာမက ဘုန်းတော်ကြီးမားတဲ့၊ ရှေးဘဝကတည်းက ကောင်းမှုတွေနဲ့ စင်ကြယ်ခဲ့တဲ့ မြတ်စွာဘုရားကို တပည့်တော် မဖူးတွေ့ရတာ အတော်ကြာမြင့်ခဲ့ပါပြီဘုရား။ အခုဘဝမှပဲ အနှိုင်းမရှိ အရှင်မြတ်ကို ဖူးတွေ့ရပါတော့တယ်။ ဘုရားရှင်ကို ဖူးတွေ့ရခြင်းဟာ အမှန်တကယ် ကောင်းမွန် မြင့်မြတ်လှပါတယ် အရှင်ဘုရား။ တပည့်တော်ဟာ ဓမ္မရုစိယ သာမဏေဖြစ်ပါတယ်ဘုရား။ ရှေးဘဝတုံးက အရှင်ဘုရားရဲ့ ရောင်းရင်းမိတ်ဆွေပါဘုရား။ နောက်ပြီးတော့ ဘဝများစွာ ဝေးကွာခဲ့ရပါတယ်ဘုရား။ ဒီနောက်ဆုံးဘဝမှာမှ ဘုရားရှင်ကို ထပ်မံ လာဖူးတွေ့ရပါတယ်ဘုရား ... လို့ လျှောက်တင်တော်မူခဲ့တယ်။
အတိတ်ပုံရိပ်
ဒီသာမဏေလေးက လွန်ခဲ့တဲ့ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်းကာလမှာ ဂေါတမဘုရားအလောင်းတော် သုမေဓာရဲ့ ချစ်ခင် ရင်းနီးတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့နာမည်က မေဃလုလင်တဲ့။ ဘုရားအလောင်း သုမေဓာသူဌေးသားက သေဆုံးသွားတဲ့ မိဘဆွေမျိုးတွေရဲ့ ကျန်ရစ်တဲ့ သေရာမပါ ပစ္စည်းဥစ္စာတွေကို မြင်ပြီးသံဝေဂရကာ သေရာပါအောင်ဆိုပြီး ပစ္စည်းတွေ အားလုံး စွန့်လှူကာ ရသေ့ဝတ်ခဲ့တယ်။ နောက် ဒီပင်္ကရာဗုဒ္ဓနဲ့တွေ့ပြီး ဒီပင်္ကရာဘုရားအတွက် လမ်းခင်းပေးတော်မူတယ်။ ဘုရားရှင် ကြွလာတော်မူသည်အထိ ခင်းနေတဲ့လမ်း မပြီးသေးတာကြောင့် ခန္ဓာကိုယ်ကို တံတားခင်းကာ လှူဒါန်းခဲ့တယ်။ ဘုရားအဖြစ် ဆုထူးပန်ခဲ့တယ်။ ဒီပင်္ကရာဘုရားကလည်း အနာဂတံသဉာဏ်နဲ့ ဆင်ခြင်ကြည့်တော့ သုမေဓာရသေ့ ဘုရားဖြစ်မည့်အကြောင်းကို သိမြင်တော့ ဗျာဒိတ်စကား မြွက်ကြားခဲ့တယ်။
"ဒီရသေ့လေးဟာ နောင်လေးသချေင်္ ကမ္ဘာတစ်သိန်းမှာ ဂေါတမဗုဒ္ဓအမည်ရပြီး ဘုရားဖြစ်လိမ့်မယ်" ဒီစကားကို သူငယ်ချင်းဖြစ်သူ မေဃလုလင်လည်း ကြားသိခဲ့လို့ သုမေဓာရသေ့ ဘုရားဖြစ်ရင် သူလည်း ရဟန္တာဖြစ်ရင် ကောင်းမှာပဲဆိုပြီး သုမေဓာရသေ့နဲ့အတူ ရသေ့ဝတ်ကာ ဓမ္မိကတောင်မှာ အတူတကွ နေထိုင်တရားကျင့်ခဲ့တယ်။
ဆရာမှားရင် တစ်သံသရာလုံးမှောက်
ဒီလိုနဲ့ မေဃရသေ့ သီတင်းသုံးတဲ့ ဓမ္မိကတောင်မှာ အကျင့်ယုတ်တဲ့ ရဟန်းတစ်ပါး ရောက်လာတယ်။ သူရဲ့ ယုတ်မာတဲ့ အကျင့်တွေကို အသိဉာဏ်မရင့်ကျက်သေးတဲ့ မေဃရသေ့အား ဟောပေးခဲ့တယ်။ မေဃရသေ့လည်း ရဟန်းယုတ်ရဲ့ အကျင့်ကို သဘောကျနှစ်သက်ပြီး အဲဒီယုတ်မာတဲ့အကျင့်အတိုင်း ကျင့်တော့တယ်။ နောက်ပိုင်း လူထွက်ပြီး ထင်ရာစိုင်းနေလေတော့တယ်။
နပါပ ဇနသံဝေဝီ၊ အစ္စန္တံ သုခမေဓတိ = အကျင့်မကောင်းတဲ့သူနဲ့ ပေါင်းသင်းနေထိုင်ရင် ကြီးပွားချမ်းသာမှု ဘယ်တော့မှ မရနိုင်ဘူး လို့ ဇာတကအဋ္ဌကထာမှာ ဆိုထားတယ်။ လူပျံတော် မေဃဟာ ကံကံရဲ့ အကျိုးတွေကိုလည်း မယုံတော့ဘူး။ အယူမှားတဲ့သူကို ပေါင်းသင်းမိတာကြောင့် သူလည်း မှားတဲ့ အယူကို စွဲစွဲမြဲမြဲယူထားလေတော့တယ်။ ဘာပဲလုပ်လုပ် ဘာအပြစ်မှ မဖြစ်ဘူး၊ မိဘဆိုတာလည်း ဘာကျေးဇူးမှ မရှိဘူး စသဖြင့် မိစ္ဆာဒိဋ္ဌိအယူကို ယူထားသူဖြစ်သွားတော့ ငါးပါးသီလလည်း အကုန်ကျူးလွန် တယ်။ နောက်ဆုံး သူ့မိခင်ကြီးကိုလည်း သူသတ်ပစ်လိုက်တဲ့အထိ မာတုဃာတကကံကြီး ထိုက်သွားပါတော့တယ်။ သူသေလွန်သွားတဲ့အချိန် အဝီစိငရဲကို ကျသွားတယ်။ ဘယ်လောက်ထိကြာအောင် အဝီစိငရဲမှာ ခံရသလဲဆိုရင် လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် အဝီစိမှာ ဆင်းရဲစွာခံရတယ်။ (တစ်သချေင်္ဆိုတာ တစ်နောက်မှာ သုညပေါင်း ၁၄၀ ရှိတယ်)
ဂေါတမဗုဒ္ဓနဲ့ တွေ့ဆုံ
ဒီလိုနဲ့ ဂေါတမဗုဒ္ဓ ပွင့်တော်မူတဲ့အချိန်မှာ အဝီစိမှာ ကျခံနေတဲ့မေဃဟာ ငရဲက လွတ်လာပြီး မဟာသမုဒ္ဒရာထဲမှာ တိမင်္ဂလဆိုတဲ့ ငါးကြီးလာဖြစ်ရတယ်။ ပင်လယ်ထဲ သွားလာနေတဲ့ သဘောင်္တွေကို နစ်မြုပ်စေပြီး လူတွေကို စားလေ့ရှိတယ်။ တစ်နေ့ကျတော့ တိမင်္ဂလငါးကြီးဟာ လှေသဘောင်္တစ်စီးဆီကို ကပ်လာတယ်။ လှေသဘောင်္ပေါ်ရှိတဲ့လူတွေက ဧရာမငါးကြီးကိုတွေ့တော့ သေဘေးမှ ကြောက်လန့်ကြတယ်။ ဘုရားကို တိုင်တည်တဲ့သူက တိုင်တည်။ နတ်ကို တိုင်တည်တဲ့သူက နတ်တိုင်တည်ဖြစ်နေကြတယ်။ အဲဒီ ကုန်သည်တွေထဲမှာ ယောကျာ်းတစ်ယောက်က အသံကျယ်ကြီးနဲ့ ဒီလို ဟစ်အော်လိုက်တယ်။
"ဂေါတမဘုရားရှင် အကျွန်ုပ်တို့ကို ကယ်တင်ပါဘုရား ..." လို့ အော်တဲ့အခါ တိမင်္ဂလငါးကြီးက ဂေါတမဘုရား ဆိုတဲ့အသံကို ကြားလိုက်မိတယ်။ သူ့ရဲ့ အတိတ်က ဂေါတမဘုရားဖြစ်မည့် သုမေဓာရသေ့နဲ့အတူ ရဟန္တာဖြစ်ဖို့ ဆုတောင်းခဲ့တာကို သွားသတိရမိတယ်။ သူ့သူငယ်ချင်းက ပါရမီပြည့်လို့ ဘုရားဖြစ်နေပြီ။ သူကတော့ ငါးကြီးဖြစ်ပြီး သူများကို ဒုက္ခပေးနေတာ မသင့်တော်တော့ဘူးဆိုပြီး သဘောင်္ကို ဒုက္ခမပေးတော့ဘဲ ရေထဲ ပြန်ငုတ်သွားတော့တယ်။ တချိန်လုံး သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ ဂေါတမဘုရား အကြောင်းကိုသာ စဉ်းစားနေပြီး သေဆုံးသွားတော့တယ်။
လူပြန်ဖြစ်ရ နောက်ဆုံးဘဝ
ဘုရားကို သတိရတဲ့စိတ်နဲ့ ဆုံးသွားတော့ တိမင်္ဂလငါးကြီးဟာ သာဝတ္ထိပြည် သူဌေးသားတစ်ယောက်လာဖြစ်တယ်။ ခုနစ်နှစ်အရွယ် ပါရမီရဲ့ နှိုးဆော်မှုကြောင့် မိဘထံခွင့်ပန်ပြီး သာမဏေဝတ်ခဲ့ တရားအားထုတ်ခဲ့ရာ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာဖြစ်ပြီးနောက် ဘုရားရှင်ကို လာကန်တော့ပြီး မိမိရဲ့ ဘဝဖြစ်စဉ်ကို ဘုရားထံ လျှောက်တင်ခဲ့တယ်။ သူ့ဘဝကတော့ ဆရာအပေါင်းမှားတာကြောင့် အဝီစိငရဲကို အကြာကြီးရောက်သွားခဲ့ရရှာတယ်။
ငရဲကျတာ ဘာကြောင့်လဲ
ဆရာဝန်တစ်ယောက် ဆေးထိုးမှားရင် လူနာတစ်ယောက်အတွက် ဒုက္ခ တစ်ကြိမ်သာ ဖြစ်နိုင်တယ်။ အယူဝါဒမှားတဲ့ ဆရာတစ်ယောက်ကြောင့် လူတွေများစွာ ဒုက္ခများစွာ ကမ္ဘာချီပြီး ခံကြရတယ်။ ဓမ္မရုစိယ အလောင်းတော် ငရဲကျတာ ဘာကြောင့်လဲဆိုရင် မှားတဲ့အယူကြောင့်ပါ။ ဘာပဲလုပ်လုပ် ဘာအပြစ်မှ မဖြစ်ဘူး၊ အဲဒီလို ခံယူထားတော့ သူ့အသက်ကို သတ်ရင်လည်း ဘာမှ အပြစ်မဖြစ်ဘူးဆိုပြီး လက်ရဲဇက်ရဲ သတ်တော့တာပဲ။ အပြစ်ဖြစ်မှန်း မသိတော့ မကြောက်မရွံ့ နောက်မတွန့်ဘဲ အကုသိုလ်တွေကို ပိုပြီးတော့ ကျူးလွန်မိတော့တယ်။ အဖေအမေကို သတ်လည်း ဘာအပြစ်မှ မဖြစ်ဘူးလို့ ခံယူထားတော့ ကျေးဇူးကြီးတဲ့ အဖေအမေကိုလည်း သတ်ရဲတော့တာပဲ။ အဲလိုလွန်ကျူးမိတော့ ကံကြီးထိုက်သွားတော့တယ်။ ငရဲရောက်သွားတယ်။
အဟေတုကဒိဋ္ဌိ ဖြစ်တဲ့ အယူကို ယူမှားမိရင် သူ့ခံယူချက်က ဘာပဲလုပ်လုပ် ဘာမှ အပြစ်မဖြစ်ဘူး ကိုယ့်ဘာသာနဲ့ မတူတဲ့သူကို သုဓ်သင်ပစ်နိုင်ရင် ကုသိုလ်ဖြစ်တယ် ဆိုပြီးတော့ အကုသိုလ်မှန် သမျှ သူလုပ်မိမှာသေချာတယ်။ လူပျံတော်မေဃလိုပေါ့။ ခေတ်သစ် ကွန်မြူနစ် ဝါဒလဲ ဒီလိုပဲ ခံယူထားကြတယ်။
ဘာပဲလုပ်လုပ် နတ်ဘုရားထံ၊ ဗြဟ္မာမင်းကြီးထံ၊ ဘုရားသခင်ထံ (ထာဝရထံ) အပြစ်ဝန်ခံလိုက်ရင်၊ တောင်းပန်လိုက်ရင် ကျေပျောက်တယ် ဆိုတဲ့ ဣဿရနိမ္မာန (ဖန်ဆင်းရှင်ကိုယုံကြည်မှု) အယူမှားတွေလည်း အကုသိုလ်လုပ်ဖို့အတွက် အဆင်း ဘီးတပ်ပေးသလိုဖြစ်စေတော့ အကုသိုလ်ကို မိုက်မိုက်ကန်းကန်း မကြောက်မရွံ့ ကျူးလွန်မိတော့တယ်။ အယူမှားတဲ့ စိတ်ဟာ မိုက်တွင်းနက်စေပါတယ်။
အရှုံးမရှိ ဒဿန
ဒီဘဝမှာ အကုသိုလ်မလုပ်ဘဲ ရှောင်ကြဉ်သင့််ပါတယ်။ ရှောင်ကြဉ်တော့ ဘာဖြစ်မလဲ။ အကယ်၍ နောင်ဘဝမရှိဘူး ဆိုရင်လည်း ဒီဘဝအတွက် အကုသိုလ်မလုပ်တော့ ဒီဘဝ စိတ်ချမ်းသာမှု ရပါတယ်။ အကယ်၍ နောင်ဘဝရှိရင်လည်း အကုသိုလ်ကို ရှောင်ကြဉ်တဲ့အတွက် နောင်ဘဝအတွက် ပူစရာ မလိုတော့ပါဘူး။ ငရဲလည်း ကျဖို့ အကြောင်းမရှိဘူး။
(၂) ခါနာ
ကံကံရဲ့အကျိုးကို မယုံဘဲ အကုသိုလ်တွေ လုပ်တဲ့သူအတွက် ဒီဘဝလည်း စိတ်ချမ်းသာမှု မရပါဘူး။ နောင်ဘဝမရှိရင်တော့ ဘာမှ ကိစ္စမရှိဘူးပေါ့။ ကယ်တင်ရှင် တကယ်လာကယ်ရင်တော့ အေးဆေးပေါ့။ ဒါပေမယ့် နောက်ဘဝရှိရင် ကယ်တင်ရှင်က တကယ် လာမကယ်ရင် ဘယ်လိုလုပ်မလဲ။ ခါးစည်းပြီးခံရုံမှတပါး ဘာမှ တတ်နိုင်မည်မဟုတ်။
ငရဲကို မယုံကြည်သူအတွက် ချမ်းမြေ့ဆရာတော်ဘုရား မိန့်ဆိုချက်ကို သတိရမိတယ်။ ငရဲကို မယုံရင်လည်း ကိုယ်ကိုယ်တိုင် ဆင်းကြည့်ပေါ့ ... တဲ့။
ငရဲကို ကျရောက်စေတဲ့ကံကြီး
ကာယကံနဲ့
(၁) ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်ရင်
(၂) ရဟန္တာကို သတ်ရင်
(၃) မိခင်ကို သတ်ရင်
(၄) ဖခင်ကို သတ်ရင်
(၅) သံဃာကို သင်းခွဲရင် ပဥ္စာနန္တရိယကံ ထိုက်ပြီး သေပြီးတာနဲ့ အဝီစိငရဲရောက်တယ်။ ကာယကံရဲ့ အကြီးလေးဆုံး ပြစ်မှုကြီးဖြစ်တယ်။
မိစ္ဆာဒိဋ္ဌိ အယူဖြစ်တဲ့ -
အဟေတုကဒိဋ္ဌိ (အကြောင်းကို ပယ်တဲ့အယူ)၊
ဥစ္ဆေဒဒိဋ္ဌိ (သေရင် ဘာမှ မဖြစ်တော့ဘူး၊ သေရင်ဘဝဆိုတာ မရှိတော့ဘူးလို့ ယူဆတဲ့အယူ)၊
ဣဿရနိမ္မာနဒိဋ္ဌိ (ဘာပဲလုပ်လုပ် နတ်ဘုရားထံ၊ ဗြဟ္မာမင်းထံ၊ ထာဝရထံ တောင်းပန်ရင် အပြစ်မှလွတ်တယ် ဆိုတဲ့အယူ၊ ဖန်ဆင်းရှင်ကို ယုံကြည်တဲ့အယူ)
ဒီအယူသုံးခုဟာ အကုသိုလ်ကို အကုသိုလ်မှန်း မသိအောင် ဖုံးလွှမ်းထားလိုက်တယ်။ ဒါကြောင့် ကြက်သတ်ပြီး ကိုယ်ကိုယ်တိုင်စားရင် အပြစ်မဖြစ်ဘူးလို့ ယူဆပြီး မကြောက်မရွံ့ ကြက်ကို သတ်တော့တယ်။ တိရစ ္ဆာန်တွေကို သတ်ပြီး ဘုရားကို ပူဇော်တာ နတ်ကို ပူဇော်တာဟာ ကုသိုလ်ရတယ်ဆိုပြီး မှားမှန်းမသိဘဲ ရဲရဲရင့်ရင့် သတ်ပြီး ပူဇော်ကြတော့တယ်။ အမှားတွေ များစွာ ထပ်ခါတလဲလဲ ပြုလုပ်နေမိတော့တယ်။ အကုသိုလ်တွေလည်း ဒလဟော ဆက်တိုက်ဖြစ်နေတော့တယ်။ ဒီမှားတဲ့ အယူကို မစွန့်ဘဲ သေဆုံးသွားတဲ့အခါလည်း အဝီစိငရဲကို ရောက်ပါတယ်။ မနောကံရဲ့ အကြီးမားဆုံး အပြစ်ဖြစ်ပါတယ်။
ကာယကံထက် မနောကံက အပြစ်ပိုကြီးပုံ
လောက ဥပဒေအရ ကာယကံမမြောက်ဘဲ စိတ်နဲ့ ကြံစည်ရင် စိတ်နဲ့ ပြစ်မှားရင် အပြစ်မဖြစ်ဘူးလို့ သတ်မှတ်တယ်။ ရဟန်းတော်များ စောင့်ထိန်းတဲ့ ဝိနည်းသိက္ခာပုဒ်တွေလည်း ဒီလိုပဲ သတ်မှတ်ထားတယ်။ ကိုယ်ထိလက်ရောက် လွန်ကျူးပြစ်မှားမှ အပြစ်ဖြစ်တယ်။ ဒါပေမယ့် အဘိဓမ္မာမှာတော့ ကာယကံထက် မနောကံက အပြစ်ကြီးကြောင်း ဆိုထားတယ်။ ကာယကံထဲမှာ ပဥ္စာနန္တရိယကံကို ကျူးလွန်မိရင် သေသည်၏ အခြားမဲ့ အဝီစိငရဲရောက်ပါတယ်။ အဟေတုကဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ ဣဿရနိမ္မာနဒိဋ္ဌိ အယူကို မစွန့်ဘဲ သေသွားတဲ့သူလည်း သေသည်၏ အခြားမဲ့၌ အဝီစိငရဲကိုရောက််ပါတယ်။ အဝီစိငရဲရောက်တာခြင်း တူပေမယ့် ကာယကံနဲ့ ပဥ္စာနန္တရိယကံကို ကျူးလွန်တဲ့သူအတွက် နက်ဖန် ကမ ္ဘာကြီး မီးလောင်ပျက်စီးတော့မယ်ဆိုရင် ပဥ္စာနန္တရိယကံ အပြစ်ရှိတဲ့သူဟာ ဒီနေ့ အဝီစိငရဲက လွှတ်သေးတယ်။ သို့သော် မိစ္ဆာဒိဋ္ဌိအယူမှားကြောင့် အဝီစိကျနေတဲ့သူအတွက်တော့ ကမ္ဘာကြီး မီးလောင်လည်း သူက မလွှတ်နိုင်သေးဘူး။ မီးမလောင်တဲ့ တခြားကမ ္ဘာရဲ့ အဝီစိကို ပြောင်းပြီး သွားကျရတယ်။ ထောင်ပြောင်းကျရသလိုပေါ့။ စကြာဝဠာအနန္တ ရှိနေတာကြောင့်် ငရဲလည်း အနန္တရှိတယ်လို့ ဆိုတယ်။ ငရဲကမလွှတ်နိုင်ဘဲ ငရဲထောင်ကို ပြောင်းစေနိုင်တဲ့ကံဟာ မိစ္ဆာဒိဋ္ဌိအယူဖြစ်တဲ့ အဟေတုကဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ ဣဿရနိမ္မာနဒိဋ္ဌိ ယုံကြည်တဲ့ စိတ် (မနောကံ) တွေပါပဲ။ ဒါကြောင့် မနောကံဟာ ကာယကံထက် အပြစ်ကြီးလေးတယ်။
ဆရာအပေါင်းမမှားဖို့ ဘဝအတွက် အရေးကြီးပါကြောင်း တင်ပြလိုက်ပါတယ်။
မှီငြမ်း-
- သမ္မောဟဝိနောဒနီ အဋ္ဌကထာ
- ထေရာပါဒါန် ဓမ္မရုစိယ
- တက္ကသိုလ်ကျောင်းသားဘဝ မှ တက္ကသီလမဟာဓမ္မာစရိယ၊ အဘိဓမ္မာမှတ်စုများ
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)

အယူဝါဒ မှားခဲ့သူတစ်ယောက် အကြောင်း
Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ)
on
August 26, 2016
Rating:
No comments: