ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ။

❖ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
❖ ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
❖ ဓမ္မစကြာတရားတော်သည်
ဝိနည်းမဟာဝါပါဠိတော်၌
ပဥဉ္စဝဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပဝတ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပဝတ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။
❖ ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပါယ်မှာ
တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပဝတ္တ=ဖြစ်စေ၊ လည်စေခြင်း။)
❖ ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
❖ ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။
❁ ( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ ) ❁
══ ══ ══ ══ ══
► ၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
► ၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
► ၃။ ဂေါတမမြတ်စွာဘုရား
ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
► ၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
► ၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း။
► ၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍
ထူးခြားခြင်း။
► ရ။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍
ထူးခြားခြင်း။
► ၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
► ၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
❖ အထက်ဖော်ပြပါ ဝါသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

★ _/_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/_ ★
❖ Credit - Shwe Nyar Thar
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ။ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ။ Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on July 07, 2017 Rating: 5

No comments:

Powered by Blogger.