ဝါဆိုသင်္ကန်း ကပ်လှူခြင်းအကြောင်း သိကောင်းစရာ

ဝါဆိုခြင်း၊ ဝါကပ်ခြင်း
ဝဿာဝါသ - ဝါဆိုခြင်း၊ ဝါကပ်ခြင်း၊ မိုးသုံးလအတွင်း ဝါဆိုသည့် ကျောင်းတိုက် အာရာမ်တွင်းမှာ နေရခြင်း။
ဝါဆိုမှုသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ရှိခဲ့သည်။ ဝါဆို၊ ဝါကပ် ဥပဒေ မပညတ်မီက ရဟန်းများသည် ဥတုသုံးလီ နေပူ၊မိုးရွာမရှောင်လှည့်လည် သွားလာနေခဲ့ကြသည်။ မိုးကာလလူတို့စိုက်ပျိုးထားသော စိုက်ပျိုးပင်များကိုရဟန်းတို့ ကျော်ဖြတ် နင်းကြသဖြင့်စိုက်ပျိုးပင်များ ပျက်ဆီးသောကြောင့် လူတို့က ရဟန်းများကို ကဲ့ရဲ့ကြသည်။

မြက်သစ်ပင်၊ ရေပေါက်ငယ်များ ကိုပင် အသက်ရှိသည်ဟု ယူဆသူများလည်း ရှိနေသည်။ အဘယ့်ကြောင့် ဘုရားသားတော် ရဟန်းများသည် အပင်ငယ်များနှင့် ပိုးမွှား များကို နင်းခြေဖျက်ဆီးလျှက် တစ် နှစ်ပတ်လုံး ခရီးသွားနေကြပါသနည်း။ သာသနာပြင်ပ တိတ္ထိတို့သော်မှ မိုးဥတုတွင် ခရီးမထွက်ပဲ ကြောင့်ကြမဲ့ နေနိုင်ကြသည်။ ယုတ်စွအဆုံး ငှက် တိရစ္ဆာန်တို့သော်မှ မိုးကာလတွင် အသိုက်၌နေကြသည်။ အပင်ငယ်များ၊ သတ္တဝါငယ် လေးများ ပျက်ဆီး သေကြေကြရသည်ဟု ကဲ့ရဲ့ ပြစ်တင် ရှုံ့ချကြသည်။

ထို့ကြောင့် ဘုရားရှင်က ရဟန်းတော်များ မိုးသုံးလကာလပတ်လုံး ခရီးမထွက်ရသော ဝါဆို ဝါကပ် ဥပဒေကို ပညတ်ခဲ့ရသည်။
ဝါကပ်ခြင်းနှစ်မျိုးရှိသည်
(၁) ပုရိမဝဿာဝါသ - ပထမဝါကပ်ခြင်း၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ သီတင်းကျွတ် လပြည့်နေ့တွင် ဝါကျွတ်သည်။
(၂) ပစ္ဆိမဝဿာဝါသ - ဒုတိယဝါကပ်ခြင်း၊ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ဝါကျွတ်သည်။

ဝါဆိုသင်္ကန်းကပ်လှူခြင်း
ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာတွင် ဘုရားရှင်ကလူတို့လှူဒါန်း သော သင်္ကန်းကို ခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်း လှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်ကြသော ရဟန်းများကို ဝါဆိုချိန် ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန် တို့၌ဝါဆိုသင်္ကန်းကို ကပ်လှူကြပါသည်။ ဝါဆိုသင်္ကန်းများကိုစေတနာ သုံးတန် ပြဋ္ဌာန်းပြီး ဤကျောင်းတိုက်မှာ ဝါကပ်တော်မူကြသော သံဃာတော်အရှင်မြတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ပရိယတ္တိအကျင့်၊ ပဋိပတ္တိအကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန်အတွက်် သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကျမှုမရှိစေရန် ဝါဆိုသင်္ကန်း အဖြစ်ဖြင့် လှူဒါန်းနိုင်ကြပါသည်။

ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး
'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .
'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''
'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
'' ရွှေသို့အဆင်း၊ မြူကြေးကင်၍
ရောင်ဝင်းထိန်ပ၊ နူးည့ံရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ညာဏ် ဖိုလ်ညာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်း လှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။

ဝါဆိုသင်္ကန်း အမေး၊ အဖြေ ကဏ္ဍ
မေး။ ။ ဝါကပ်တာ(ဝါဆိုတာ)ကဘယ်နှမျိုး ရှိပါသလဲ။
ဖြေ။ ။ ပုရိမဝါ ကပ်ခြင်း၊ပစ္ဆိမဝါ ကပ်ခြင်းလို့ ဝါကပ်ခြင်း ၂ မျိုး ရှိပါတယ်။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပုရိမဝါကပ်တာ(ရှေ့မှာဖြစ်တဲ့ဝါကပ်တာ)ပါပဲ။ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပစ္ဆိဝါကပ်တာ (နောက်ဖြစ်တဲ့ ဝါကပ်တာ)ပါပဲ။
(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၅)

မေး။ ။ ဘယ်လို ရှင်၊ရဟန်းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။
ဖြေ။ ။ ပုရိမဝါ ကျိုးပျက်တဲ့ ရဟန်းနဲ့ အကြောင်းတစ်ခုခုကြောင့်ပုရိမဝါ မကပ်ခဲ့တဲ့ ရဟန်းဟာ ပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။
(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၈)

မေး။ ။ ဝါထပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ဘာကြောင့် ထပ်ရတာပါလဲ။
ဖြေ။ ။ ဝါခေါင်လကို ဝါခေါင်လလို့မပြုဘဲ'ဝါဆိုလ'လို့ ထပ်ပြီး့ပြုတာကို'ဝါထပ်တယ်'လို့ခေါ်စမှတ် ပြုကြတာပါပဲ။ အဲဒီလို ဝါဆိုလ နှစ်ထပ်ဖြစ်ရတာမှာလည်းရက် မစုံလတွေကို ပြန်ပြီးအစားပေးသောအားဖြင့် ကောင်းကင်ကနေ သွား ၊ လ သွားနဲ့ ကိုက်ညီစေလိုလို့ပါပဲ။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )

မေး။ ။ ဘုရားရှင်က ဘာ့ကြောင့် ဝါဆိုဖို့ ခွင့်ပြုတော်မူခဲ့တာပါလဲ။
ဖြေ။ ။ ဘုရားရှင်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာသီတင်းသုံးတော်မူပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ရဟန်းတွေအား ဝါဆိုဖို့ ခွင့်မပြုရသေးပါ။ရဟန်းတွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ခရီးလှည့်လည်ကြပါတယ်။ လူတွေက ဒီလို ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ကြပါတယ်။ 'ဒီဘုရားသားတော်ရဟန်းတော်တွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ဘာလို့ ခရီး လှည့်လည်ကြတာလဲ။ စိမ်းစိုတဲ့ မြက်တွေကို နင်းချေကာ ကာယိန္ဒြေတစ်ခု ရှိတဲ့သတ္တဝါကို ညှဉ်းဆဲကြတယ်။ သတ္တဝါ ငယ်လေးများစွာကို ညှင်းဆဲနှိပ်စက်ကြတယ်။ ဒီသာသနာပ တိတ္ထိတွေဟာ မိုးခိုကြသေးတယ်။ ဒီငှက်တွေဟာ သစ်ပင်ဖျားတွေမှာ အသိုက်တွေပြုလုပ်ပြီး မိုးခိုကြသေးတယ်။'လူတွေရဲ့ အဲဒီကဲ့ရဲ့သံကို ရဟန်းတွေကြားရလို့ ဘုရားရှင်အား လျှောက်ထားကြတဲ့အခါ ရဟန်းတွေမိုးအခါမှာ မိုးခိုဖို့ (ဝါဆိုဖို့) ခွင့်ပြုတော်မူခဲ့ပါတယ်။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)

​ဇောတိက

ရဟန်းသံဃာတော်များ ဝတ်ရုံသောသင်္ကန်းသည် သစ် ခေါက်ဆိုးဆေးဆိုးထားသော ပိတ်စသာလျှင်ဖြစ်သည်။ လူတို့ဝတ်သော အဝတ်နှင့် ပိတ်စချင်းတူပါလျက် သင်္ကန်း ကို အဘယ့်ကြောင့် ကော်ရော်မြတ်နိုး ရှိခိုးအမှူးပြုကြပါ သနည်း။ ဤအကြောင်းကို မြတ်စွာဘုရားရှင်အား ရှင် ဥပါလိမထေရ်ကြီးက လျှောက်ထားမေးမြန်းတော်မူ၏။

မြတ်စွာဘုရားရှင်သည် ရှင်ဥပါလိမထေရ်၏အမေး ကို ''ချစ်သားဥပါလိ၊ ရှေးက လွန်လေပြီးသောဘုရားတို့ သည်လည်းကောင်း၊ ယခုပွင့်ဆဲ ပွင့်လတ္တံ့သောဘုရားတို့ သည်လည်းကောင်၊ ဤဖန်ရည်ဆိုးသောသင်္ကန်းဖြင့်သာ ကိလေသာအညစ်အကြေးတို့ကို ပယ်သတ်ကြကုန်သည်။ ပိတ်စချင်းတူငြားလည်း ဖန်ရည်စွန်းသောသင်္ကန်းသည် ကိ လေသာတို့ကို သန့်စင်ရာ၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက် ပြုရာအတွက် တံခွန်သဖွယ်ဖြစ်သဖြင့် ရှိခိုးဦးခိုက်ထိုက် ပေသည်''ဟု မိန့်တော်မူလေ၏။
မှီငြမ်း - သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ပြန့်ပွား ရေးဦးစီးဌာန၊ (ဗုဒ္ဓဘာသာကောင်းတစ်ယောက်)

သင်း, ကိုယ်, ဒု, အိပ်၊
မျက်, ပရိက်, နိသိဒ်, မိုးအမာလို့ဝိနယသံခိပ်ကျမ်းမှာ လယ်တီဆရာတော် မိန့်တော်မူတဲ့အတိုင်း
(၁)။သင်းပိုင်၊
(၂)။ကိုယ်ဝတ်၊
(၃)။ဒုကုဋ်၊ နှစ်ထပ်သင်္ကန်းကြီး
(၄)။အိပ်ရာလွှမ်း၊
(၅)။မျက်နှာသုတ်ပဝါ၊
(၆)။ပရိက္ခာရာ စောဠပုဆိုး၊
(၇)။နိသီဒိုင်အခင်း၊
(၈)။မိုးရေခံသင်္ကန်း၊
(၉)။အမာလွှမ်း အနာလွှမ်း
သင်္ကန်းအားဖြင့် “၉-ပါး ရှိ၏

ကိုးပါးသော သင်္ကန်းမှတစ်ပါး
ဝါဆိုသင်္ကန်း”ရယ်လို့ သီးခြား မရှိ
ဝါဆိုသင်္ကန်းကို(ဝဿာဝါသိက) လို့ ခေါ်၏၊

(ဗုဒ္ဓသမီးတော်အမရာ)

ဝါဆိုသင်္ကန်း ကပ်လှူခြင်းအကြောင်း သိကောင်းစရာ ဝါဆိုသင်္ကန်း ကပ်လှူခြင်းအကြောင်း သိကောင်းစရာ Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on June 16, 2017 Rating: 5

No comments:

Powered by Blogger.