၅၂၈ နဲ့ ၁၅၀၀

၅၂၈ နဲ့ ၁၅၀၀
**************
လူငယ်တွေကြား၊တစ်ချို့လူတွေကြားမှာအလွဲနားလည်
ပြီး၊အသုံးပြုနေတဲ့ စကားတစ်ခုရှိပါတယ်။ “အချစ်”နဲ့ ပတ်သက်ပြီး သုံးတဲ့စကားပါ။ တစ်ဦးနဲ့ တစ်ဦးကြားမှာ အချစ်တွေကို ဖော်ပြပြီး တွင်တွင်ကြီး သုံးနေတာတွေမှာ လွဲနေတာလေးက “တို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူး၊ တို့အချစ်က ရိုးသားတယ်၊ တို့မင်းအပေါ်မှာထားတဲ့
အချစ်ဟာ ၅၂၈အချစ်မျိုးပါ..”စသဖြင့် သုံးနေကြတာ ရှိသလို "တို့မင်းကိုချစ်တာ ၁၅၀၀အချစ်မျိုးနဲ့တင်
မဟုတ်ဘူး ၅၂၈အချစ်မျိုးနဲ့ပါ ချစ်တာပါ။
ဘာပဲဖြစ်ဖြစ် မောင်စိတ်နှစ်မစိတ်နဲ့ ၅၂၈လို
အချစ်မျိုးပဲ ကောင်းပါတယ်…” စသဖြင့်
ပြောဆိုနေကြတာတွေပါ။
လူအတော်များများက မိဘနဲ့ သားသမီးကြား၊
ဆရာနဲ့တပည့်ကြား၊ ညီအစ်ကို
မောင်နှစ်မတွေကြားမှာထားတဲ့ အချစ်ဟာ
အပြစ်ကင်းတဲ့ ၅၂၈ အချစ်မျိုးဖြစ်တယ်လို့ ထင်နေကြပြီး၊ချစ်သူသမီးရည်စားတွေရဲ့ အချစ်မျိုးကတော့ ၁၅၀၀အချစ်လို့ နားလည်နေကြပါတယ်။
ဒါဟာ လွဲနေပါတယ်။
❦အများထင်နေသလို မိဘက သားသမီးကို ချစ်တဲ့အချစ်၊
ဆရာက တပည့်အပေါ်ထားတဲ့ အချစ်၊
ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်တွေဟာ
“၅၂၈ အချစ်မျိုး” မဟုတ်ပါဘူး။
❦တကယ်တော့ ၅၂၈အချစ် (တစ်နည်းအားဖြင့်)
၅၂၈ မေတ္တာဟာ ဖြူစင်ပါတယ်။ မျှော်လင့်ချက်ကင်းပါတယ်။
မေတ္တာအစစ်ဟာ ကိုယ့်အတွက်မပါဘဲ ၊
သူတစ်ပါးကို အကျိုးလိုလာခြင်း သက်သက်ပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဒီ၅၂၈မေတ္တာဟာ ပို့တိုင်းပို့တိုင်း
ကိုယ့်အတွက်မပါ သူတစ်ပါး ချမ်းသာရေး သက်သက်ကိုသာ
ရှေ့ရှုပို့သတာ ဖြစ်တဲ့အတွက် ဖြူစင်တဲ့
မေတ္တာအစစ်ဖြစ်ပါတယ်။
❦ဆိုကြပါစို့ ။
မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်
စသူတို့ကြားမှာ ရှိနေတဲ့ အချစ်မျိုးဟာ ပို့တိုင်းပို့တိုင်း
“ငါ့အဖေ၊ ငါ့အမေ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဆရာ၊ ငါ့တပည့်၊
ငါ့အစ်ကို၊ ငါ့ညီ၊ ငါ့အစ်မ၊ ငါ့နှစ်မ”စတဲ့ ငါစွဲများဦးစီးပြီး
ပို့သနေတဲ့ မေတ္တာများ ဖြစ်နေတဲ့အတွက်
ဖြူစင်တဲ့ ၅၂၈မေတ္တာလို့ မပြောနိုင်ပါဘူး။
၅၂၈ မေတ္တာကတော့ .....
“သတ္တဝါအားလုံး ဘေးရန်ကင်းပါစေ၊
စိတ်ဆင်းရဲခြင်း ကင်းပါစေ၊
ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊
ချမ်းသာစွာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ပါစေ။”လို့
ပို့သတဲ့ မေတ္တာဖြစ်တဲ့အတွက် ပို့တိုင်းပို့တိုင်း
ကိုယ့်အတွက်မပါ၊ ငါစွဲမပါ၊ သူတစ်ပါး ချမ်းသာရေး
သက်သက်ပဲ ဖြစ်နေပါတယ်။
ဒီငါစွဲမပါ၊ ကိုယ့်အတွက်မပါဘဲ သူတစ်ပါး
အကျိုးလိုးလာမှု သက်သက်ရှိတဲ့ မေတ္တာမျိုးကိုသာ
၅၂၈ မေတ္တာလို့ ခေါ်တာပါ။
ဒီနေရာမှာ ၅၂၈ မေတ္တာ ရေတွက်ပုံလေးကို
တင်ပြလိုပါတယ်။
ဒီနည်းကတော့ ပုဂ္ဂိုလ် ၁၂ယောက်ကို တစ်ယောက်ချင်း
မေတ္တာလေးချက်နဲ့ အရင်ပွားပြီး နောက်
အရပ်ဆယ်မျက်နှာနဲ့ ပြန့်ပွားပေးခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့်
•သဗ္ဗေသတ္တာ (အလုံးစုံသော သတ္တဝါတို့သည်)
•အဝေရာဟောန္တု (ဘေးရန်ကင်းကြပါစေ)၊
•အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)၊
•အနီဃာဟောန္တု (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)၊
•သုခီအတ္တာနံ ပရိဟရန္တု (ချမ်းသာစွာ မိမိကိုယ်ကို
ရွက်ဆောင်နိုင်ပါစေ) လို့ ပုဂ္ဂိုလ်တစ်ယောက်ချင်းကို
“ဒီလေးချက်” နဲ့ ပွားရပါတယ်။
ဒီနည်းအတိုင်း
•သဗ္ဗေပါဏာ
(အလုံးစုံသော ထွက်သက်၊၀င်သက်ရှိသော သတ္တဝါများ)၊
•သဗ္ဗေဘူတာ (အလုံးစုံသော ထင်ရှားရှိသော သတ္တဝါများ)၊
•သဗ္ဗေပုဂ္ဂလာ (အလုံးစုံသောပုဂ္ဂိုလ်များ)၊
•သဗ္ဗေအတ္တဘာဝပရိယာပန္နာ
(အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သော သတ္တဝါများ)၊
•သဗ္ဗာဣတ္ထိယော (အလုံးစုံသော မိန်းမများ)၊
•သဗ္ဗေပုရိသာ (အလုံးစုံသော ယောကျ်ားများ)၊
•သဗ္ဗေအရိယာ (အလုံးစုံသော အရိယာပုဂ္ဂိုလ်များ)၊
•သဗ္ဗေအနရိယာ (အလုံးစုံသော ပုထုဇင်များ)၊
•သဗ္ဗေဒေဝါ (အလုံးစုံသော နတ်ဒေဝါများ)၊
•သဗ္ဗေ မနုဿာ (အလုံးစုံသော လူများ)၊
•သဗ္ဗေဝိနိပါတိကာ (အလုံးစုံသော အပါယ်
ငရဲကျရောက်သော သူများ) တို့ကိုလည်း
တစ်ဦးချင်းကို အဝေရာဟောန္တုစတဲ့ အချက်လေးချက်နဲ့
ပွားများပါက ပုဂ္ဂိုလ် ၁၂ယောက်ဆိုတော့
“မေတ္တာ ၄၈ချက်” ဖြစ်ပါတယ်။
နောက် အဲဒီ (၁၂)ယောက်ကိုပဲ
အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊
အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊
အရှေ့မြောက်ထောင့်အရပ်၊ အနောက်မြောက်ထောင့်အရပ်၊
အောက်အရပ်၊ အထက်အရပ်ဆိုတဲ့ “အရပ်ဆယ်မျက်နှာ နဲ့
တစ်ခုချင်း ၊ ပုဂ္ဂိုလ်တစ်ဦးချင်း ၊ မေတ္တာတစ်ချက်ချင်း၊
ထပ်ပွားများတဲ့အခါ “မေတ္တာ ၄၈၀ချက်” ဖြစ်ပါတယ်။
ဥပမာ အရှေ့အရပ်၌ရှိသော အလုံးစုံသော သတ္တဝါတို့သည်
ဘေးရန်ကင်းကြပါစေ..၊
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ…၊
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ…၊
ချမ်းသာစွာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ပါစေ
လို့ ပွားများပေးရသလိုပေါ့။
ဒီ၄၈၀နဲ့ ခုနက ပုဂ္ဂိုလ်သက်သက် ပွားများခဲ့တဲ့
၄၈ချက်ပြန်ပေါင်းရင် ၅၂၈ချက်ဖြစ်ပါတယ်။
(၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈)
ဒီ “၅၂၈မေတ္တာ” ကိုပဲ “ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ” လို့
ခေါ်ခြင်း ဖြစ်ပါတယ်။
ဒီမေတ္တာမှာ ပို့သတိုင်း ပို့သတဲ့ ကိုယ့်အတွက်မပါဘဲ ၊
ငါစွဲကင်းကာ သူတစ်ပါးအတွက်သာ ဖြစ်နေတဲ့အတွက်
တကယ့်ဖြူစင်တဲ့ ၅၂၈ မေတ္တာလို့ ခေါ်ပါတယ်။
ဒါကြောင့် ဒီ ၅၂၈ မေတ္တာကို တစ်လွဲနားလည်ပြီး၊
အသုံးပြုနေသူများ သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။
၁၅၀၀ ကတော့ မေတ္တာ မဟုတ်ပါဘူး။
“ကိလေသာ” ပါ။ ကိလေသာဖြစ်တဲ့အတွက်
လူအတော်များများ နားလည်ထားသလို သမီးရည်စားအချစ်၊
လင်မယားအချစ်တွေသာ ၁၅၀၀ အချစ်ဆိုတာမျိုး မဟုတ်ဘဲ၊ရဟန္တာ မဖြစ်သေးသူမှန်သမျှမှာ ဒီကိလေသာက ရှိနေမှာဖြစ်ပါတယ်။ ကိလေသာ အကျဉ်းကတော့ ၁၀ပါးပါပဲ။
အဲဒီဆယ်ပါးကို တစ်ခြား စိတ်၊ စေတသိက်၊
ရုပ်တွေနဲ့ မြောက်ပွားလိုက်တဲ့အခါ ၁၅၀၀အထိ
ဖြစ်သွားခြင်း ဖြစ်ပါတယ်။
“၁၅၀၀ ကိလေသာ ရေတွက်ပုံ”
••••••••••••••••••••••••••••••••••••••
၁၅၀၀ ကိလေသာ ရေတွက်ပုံကို အကျဉ်းသိသာရုံ
တင်ပြရရင် . . .
စိတ်၊ စေတသိက် ၅၂၊
နိပ္ဖန္နရုပ် ၁၈၊
လက္ခဏရုပ် ၄ = ပေါင်း ရ၅။
ယင်းသည် အတွင်း ရ၅၊ အပြင် ရ၅ဖြစ်၍ ၁၅၀ဖြစ်ပါတယ်။
အဲဒီ ၁၅၀ ဟာ
“လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊
ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ”ဆိုတဲ့ ကိလေသာ
ဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါ၀င်ဆက်စပ်မှု
ရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။
(၇၅ x ၂ = ၁၅၀။ ၁၅၀ x ၁၀ = ၁၅၀၀။)
အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။
ဒီသဘောက အဘိဓမ္မာ မသင်ဖူးသူတွေအတွက် နားလည်ဖို့
ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ
မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက
“၅၂၈ မေတ္တာနဲ့ ၁၅၀၀ကိလေသာ” မလွဲကြဖို့ပါ။
၅၂၈မေတ္တာကို လူ့လောကမှာ နားလည်အသုံးပြုကြသလို
အမှတ်မမှားကြဖို့ပါ။ “ငါစွဲရှိနေ၊ ငါ့အတွက်ပါနေသေးတဲ့
အချစ်” ဟာ ဖြူစင်တဲ့ ၅၂၈ မေတ္တာအစစ် မဟုတ်ဘူး
ဆိုတာ သဘောပေါက်ကြဖို့ပါ။*
ဒီလို သဘောပေါက်ပြီး အလွဲတွေကို ဖယ်ကာ
အမှန်လေးတွေ ပြင်နိုင်ကြဖို့ အခုလို လွဲနေတာလေးကို
တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Credit - youngbuddhistassociation
***#ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတ
နှင့်ကုသိုလ်တရားများ စဉ်ဆက်မပြတ်ပွားများ
နိုင်ကြပြီးမင်္ဂလာရှိသောနေ့တနေ့ဖြစ်ပါစေရှင်***

၅၂၈ နဲ့ ၁၅၀၀ ၅၂၈ နဲ့ ၁၅၀၀ Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on April 15, 2017 Rating: 5

No comments:

Powered by Blogger.