“ဗုဒ္ဓနေ့တွင် ဗုဒ္ဓရဲ့ ဥဒါန်းကျူးရင့်သံများ”

ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ လောကသားအားလုံးရဲ့
ကယ်တင်ရှင် သဗ္ဗုညုဘုရားရှင်လို့ ခေါ်တဲ့
အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ပေါ်ထွန်းတဲ့ နေ့မြတ်ပါပဲ။
ဒီနေ့မှာပဲ ဘုရားရှင်ဟာ မိမိရဲ့ဘဝဖြစ်စဉ်
အစအလယ်အဆုံး အရေးပါဆုံးသော
ကြွေးကြော်သံများကျူးရင့်ခဲ့တော်မူခဲ့တာပါ။ဒီနေ့ဟာ
ဘုရားရှင်ရဲ့ ကြီးမြတ် တဲ့ မဟာကရုဏာတော် စတင်
ဖြစ်ပေါ်တဲ့နေ့ပါပဲ။
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝမှာ သံသရာ
တစ်ဖက် ကမ်းကို တစ်ကိုယ်တည်း ကူးနိုင်စွမ်းရှိပါလျှက်
အတ္တမဆန် မဟာကရုဏာ အကြံတော်ဖြစ်သည်မှာ...
❖ “ငါဟာ အလိုတော်ရှိလျှင် ဒီနေ့ပင်
သာဝကရဟန္တာဖြစ် နိုင်တယ်။
ဒီပင်္ကရာဘုရားရှင်ထံမှာ မထင်မရှားအသွင်နဲ့
လွတ်မြောက်မှုနိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အကျိုးမရှိပေ။
ဘုရားဖြစ်အောင် အားထုတ်ပေအံ့...၊သဒ္ဓါ၊ ပညာ၊ ၀ီရိယ
အားအစွမ်းရှိတဲ့ ယောကျင်္ားမြတ်ဖြစ်ပါလျှက်
တစ်ကိုယ်တည်း သံသရာမှ ကူးမြောက်လို့
မည်သို့မျှ အကျိုးမရှိ။
ဘုရားဖြစ်အောင် အားထုတ်ပြီး သတ္တဝါအပေါင်းကို
ကယ်တင်ပေအံ့...။မြင့်မြတ်တော်မူသောဒီပင်္ကရာ
ဘုရားရှင် ထံမှာ အသက်ကိုရင်းကာ တံတားခင်း
ပြုအပ်တဲ့ အဓိကာရ ကောင်းမှုကြောင့် ကိုယ်တိုင်
ဘုရားဖြစ်ပြီးလျှင် သတ္တဝါ အပေါင်းကိုသံသရာ
ဆင်းရဲမှ ထုတ်ဆယ်ကယ်တင်ပေအံ့...။”
ဟူ၍ ကြီးမြတ်တဲ့မဟာကရုဏာတော်ဖြင့် ဘုရားဆုပန်
ကြွေးကြော်ခဲ့တာဟာ ဒီနေ့မဟာ ကဆုန်လပြည့်နေ့မှာပါ။
❖အလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်လို့
ခြေလှမ်းတော် ခုနှစ်ခုမြောက်မှာ ရဲရဲရင့်ရင့်
ကျူးရင့်တော်မူသည်မှာ..
“ငါဟာ လူသုံးပါးတွင် အမြတ်ဆုံးဖြစ်၏။”
“ငါဟာ လူသုံးပါးတွင် အကြီးအကဲဖြစ်၏။”
“ငါဟာ လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံးသူဖြစ်၏။”
“အခု ပဋိသန္ဓေနေရခြင်းဟာ ငါ့အတွက်နောက်ဆုံးပဲ။”
“ယခုအခါ ငါ့အဖို့ရာ နောက်ဘဝသစ်ဖြစ်ဖို့ဆိုတာ
မရှိတော့။”ဟု ဒီနေ့မဟာ ကဆုန်လပြည့်နေ့မှာ
ရဲရင့်စွာကျူးးရင့်တော် မူခဲ့ပါတယ်။
❖ထို့အပြင် ဗောဓိပင်ရင်းမှာ “ဘုရားစင်စစ်”
ဖြစ်တော်မူပြီးနောက်
မနသာဥဒါန်းကျူးရင့်တော်မူသည်မှာ...
“ဘဝဖန်ဖန် ခန္ဓာဝဋ်မပြတ် ယောနိလေးထွေ
ပဋိသန္ဓေဖြစ်ပွား ရခြင်းဟာ ဆင်းရဲလှတယ်။
ဒါကြောင့် ငါဟာ ဘဝများစွာ သံသရာမှာ
တဏှာလက်သမားကို ဖွေရှာလျှက် ဘုရားဖြစ်တဲ့
အထိ သံသရာရဟတ် ကျင်လည်ကျက်စားခဲ့ရလေပြီ။
ဒီမှာ တဏှာလက်သမား..၊
ငါဟာ အခု ဘုရားအဖြစ်ရောက်လို့
မဂ်လေးတန်ပုဆိန်ဖြင့် သင့်ကို အမြစ်ပြတ် ခုတ်လိုက်ပြီးတဲ့
အတွက် သင် ခန္ဓာအိမ်ထပ်မဆောက်နိုင်တော့ပါ။
သင့်ရဲ့ ကိလေသာဒိုင်းမြားတွေကို အငွေ့ပါမကျန်
ဖျက်ဆီး လိုက်ပြီ။ အဝိဇ္ဇာအိမ်အထွတ်ကို
မုန့်မုန့်ညက်ညက် ချေဖျက်အပ်ပြီ။
ကိလေသာကင်းစင် ငါ့စိတ်အစဉ်သည် နိဗ္ဗာန်ခွင်
အအေးဓာတ်သို့ သက်ဝင်မိလေပြီ။
တဏှာကုန်ရာ အာသဝက္ခယစတုတ္ထမက်ဖိုလ်သို့
ဆိုက်ရောက်ခဲ့လေပြီ။” ဟူ၍ အောင်လံတစ်ဆူ
ကြွေးကြော်တော်မူခဲ့သည်မှာလည်း
ကဆုန်လပြည့်မဟာ ယနေ့အခါပင် ဖြစ်ပါတယ်။
❖ထို့နောက် ၄၅ ငါးဝါကာလတစ်လျှောက် တရား
သောက်ရေ တိုက်ကျွေးခဲ့ပြီး နောက်ဆုံး အချိန်
ညောင်စောင်းပလ္လင်မှာ ကြီးမြတ် တဲ့ကရုဏာဖြင့်
နောက်ဆုံးမှာကြားကျူးရင့်တော် မူခဲ့သည်မှာ...
“ချစ်သားချစ်သမီးတို့..၊ ငါဘုရား နောက်ဆုံး
မှာကြားလိုသည်မှာ.. သင်္ခါရတရားတို့ဟာ
ဖြစ်တတ်ပျက်တဲ့တဲ့ သဘောရှိလေတယ်။
မမေ့မလျော့မပေါ့မဆ အပ္ပမာဒခေါ်ငြား သတိရားနဲ့သာ
လက်ကိုင်ထား နေ့ရစ်ခဲ့ပေတော့...”
ဟု နောက်ဆုံးစကား ၀င့်ကြွားဆုံးမတော်မူခဲ့သည်မှာ
ကဆုန်လပြည့်အချိန်အခါပင် ဖြစ်ပါတယ်။
ဒါကြောင့် ကဆုန်လပြည့်ဗုဒ္ဓနေ့ဟာ လူသားမဟာ
ရှင်မြတ်စွာရဲ့ ရဲရဲတောက်ဥဒါန်းစကား
ကြုံးဝါးတော်မူခဲ့တဲ့နေ့လို့ ပြောရင် မမှားပါဘူး။
ဗုဒ္ဓဘာသာဝင်သူတော်စင်များ
ဗုဒ္ဓဘုရားရဲ့ ကြုံးဝါးသံများဖြင့် ပြည့်လျှံနေတဲ့
ကဆုန်လပြည့်နေ့မှာ အနန္တကျေးဇူးရှင်
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ မဟာကရုဏာဂုဏ်တော်ကို
အာရုံပြုကြည်ညိုကာ ပူဇော်ကြခြင်းဖြစ်တယ်။
ဒါကြောင့် ဗုဒ္ဓနေ့မှာ ဗုဒ္ဓရဲ့အဆုံးအမသတိတရားတော်ကို
လိုက်နာပွားများပြီး ခန္ဓာအလီလီ တည်ဆောက်နေတဲ့
တဏှာလက်သမားကို ပါးသထက်ပါးအောင်
လှီးဖြတ်ကာ အငြိမ်းဓာတ်တည်ရာ မြတ်နိဗ္ဗာန်ကို
ဆိုက်ဝင်ပျော်နိုင်ကြပါစေသတည်း....။ ။
-【ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ】
    
“ဗုဒ္ဓနေ့တွင် ဗုဒ္ဓရဲ့ ဥဒါန်းကျူးရင့်သံများ” “ဗုဒ္ဓနေ့တွင် ဗုဒ္ဓရဲ့ ဥဒါန်းကျူးရင့်သံများ” Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on May 09, 2017 Rating: 5

No comments:

Powered by Blogger.