“ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ဝိဆက်ဒေး Vesak Day”

ကဆုန်လပြည့်ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့
အထွဋ်အမြတ်ထားရာ “ဗုဒ္ဓနေ့” ဖြစ်ပါတယ်။
ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ဟာဆိုရင် မဟာလူသားမြတ်ဗုဒ္ဓ၊
သစ္စာတရားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာ
ဘုရားရှင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့
“ကဆုန်လပြည့်ဗုဒ္ဓနေ့”လို့ခေါ်ဆိုပြီး၊
နိုင်ငံတကာသုံးအနေနဲ့တော့ “ကဆုန်လပြည့်နေ့”
ကို “ဝိဆက်ဒေး” (Vesak Day) သို့မဟုတ်
“ဝိဆာခါဒေး” (Vesaka Day) လို့ခေါ်ပါတယ် ။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင်းပတဲ့ရက်တွေမတူညီသလို
အခေါ်အဝေါ်တွေလည်းကွဲပြားကြပါတယ်။
❦အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့
နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို
၀ိဆာခ်ပူဇ(Visakah Puja)၊
ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊
ဗုဒ္ဓဇယန္တိ(Buddha Jayanti) လို့လဲ အသိများပါတယ်။
❦ထိုင်းနိုင်ငံမှာက တော့ ဝိဆာခဘုချ( Visakha Bucha)၊
❦ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊
❦အင်ဒိုနီးရှားမှာ ဝိုင်းဆက် (Waisak)၊
❦သီရိလင်္ကာမှာ ဝိဆက်(ဝေ့ဆက်)( Vesak (Wesak))၊
❦တရုတ်စကားပြောတဲ့ မလေးရှားနဲ့
တရုတ်မှာ ဖောဒန်း (fó dàn) ၊
❦တိဗက်မှာ စကဒဝ(Saga Dawa)လို့ အသီးသီးခေါ်ဆို
အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။
❦လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့
ပွဲတော် တစ်ခုရှိပါတယ်။
အဆိုပါ ပွဲတော်ကတော့ ဝိကဆက်ခ ဘောကဆ
(Vixakha Bouxa)လို့ခေါ်ပါတယ်။
❦မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့
ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)
လို့ အမည်တွင်ပါတယ်။
အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လ
ဖြစ်တဲ့ “ကဆုန်လပြည့်” လို့ ဆိုလိုပါတယ်။
❦”သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊
ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်”တို့မှာ
ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်
အဖြစ် သတ်မှတ်ထားကြပါတယ်။
အမျိုးမျိုးသောဓလေ့ထုံးစံများမှာ အသုံးပြုတဲ့
မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ
၀ိဆက်ပွဲတော်ရက်ကို
အတိအကျသတ်မှတ်ဖို့တော့ခက်ပါတယ်။
ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံအသုံးပြုတဲ့
ထေရဝါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက်
သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊
ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။
တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံး
လပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။
အနောက်တိုင်းပြက္ခဒိန်အရကတော့
ပွဲတော်ရက်ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။
ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့
ကျရောက်လေ့ရှိပါတယ်။
၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များ
ညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါညီလာခံမှာ မြတ်စွာဘုရားရဲ့မွေးနေ့ကို
“၀ိဆက်နေ့”အဖြစ် ပွဲတော်ကျင်းပကြဖို့
ဆုံးဖြတ်ခဲ့ကြပါတယ်။
၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာ
ရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့
ထူးခြားတဲ့အဖြစ်အပျက်များကို အမှတ်တရ
ဂုဏ်ပြုလေ့ရှိကြပါတယ်။
တခါတရံ “ဗုဒ္ဓနေ့”လို့လဲသုံးကြပါတယ်။
ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်
ထူးခြားတဲ့အချက်(၅)ချက်နှင့် ပြည့်စုံသည့်အတွက်
နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
ထိုငါးချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
■(၁)။ဗုဒ္ဓမြတ်စွာဘုရား လောင်းဟာ သုမေဓါရှင်
ရသေ့ဘဝနဲ့ ဒီပင်္ကရာမြတ်စွာဘုရား ကြွလာတဲ့
လမ်းခရီးမှာ မိမိကိုယ်ကိုတံတားအဖြစ်
၀မ်းလျားမှောက်ပေးတော်မူပြီးနောက်
ယသော်ဓရာ အလောင်းသုမိတ္တာမိန်းကလေးထံမှ
ကြာပန်းကိုယူလျှက် ဒီပင်္ကရာမြတ်စွာဘုရားအား
လှူဒါန်းတော်မူပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားရှင်မှအလှုကို လက်ခံတော်မူပြီး
ဒီရသေ့ဟာ နောက် လေးသချင်္နဲ့ ကမ္ဘာတစ်သိန်းအကြာ
ဘဒ္ဒကမ္ဘာမှာ ဂေါတမဘွဲ့တော်နဲ့ ဘုရားစင်စစ်ဖြစ်မယ်
ဆိုတာကိုတာ “ဗျာဒိတ်တော်” ထားတဲ့နေ့ဟာ
ဒီကဆုန်လပြည့်နေ့ဖြစ်ပါတယ်။
■(၂) ။ ဘုရားလောင်းရဲ့နောက် နောက်ဆုံးဘဝ
သိဒ္ဓတ္ထမင်းသားအဖြစ် မဟာသက္ကရာဇ် ၆၈ ခုနှစ် ၊
ကဆုန်လပြည့် နေ့ (ဘီစီ ၆၂၃ )သက္ကတိုင်း ၊
ကပိလဝတ္ထုမြို့တော်နဲ့ ဒေဝဒဟမြို့အကြားမှာရှိတဲ့
လုမ္ဗနီအင်းကြင်းတောမှာဖွားမြင်တော်မူခဲ့ပါတယ်။
ဒါကြောင့်မြတ်စွာဘုရားရှင်မွေးနေ့ဟာလည်း
ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲမြတ်စွာဘုရားရှင်ရဲ့ ဖွားဘက်တော်တွေဖြစ်တဲ့
“ညီတော် အာနန္ဒာ ၊ ယသော်ဓရာမိဖုရား ၊
ဆန္ဒအမတ် ၊ကဏ္ဍကမြင်း ၊ မဟာဗောဓိညောင်ပင်နှင့်
ရွှေပလ္လင် ၊ ရွှေအိုးကြီး ၄ လုံး” တို့ပါ
တပြိုင်တည်းပေါ်ထွန်းခဲ့ပါတယ် ။
■(၃) ။ မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ်
၁၀၃-ခု ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ
ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။
ဒီဘုရားဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာပဲ မြတ်စွာဘုရားရှင်က
အတွင်းရန်ဖြစ်တဲ့ ကိလေသာရန်ကိုအောင်မြင်တော်မူခဲ့ပြီး၊
အပြင်ရန်ဖြစ်တဲ့မာနတ်ရန်ကို အောင်မြင်တော်မူခဲ့ပါတယ်။
သမ္မာသမ္ဗုဒ္ဓဘုရားများသာရရှိအပ်သော
သဗ္ဗညုတရွှေဉာဏ်တော်ကြီးကိုလည်း ဒီ
ကဆုန်လပြည့်နေ့မှာပဲ ရရှိတော်မူခဲ့တာဖြစ်ပါတယ်။
■(၄) ။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီး၊
တစ်နှစ်အကြာ မဟာသက္ကရာဇ် ၁၀၄-ခုနှစ်
ကဆုန်လပြည့်နေ့(ဘီစီ ၅၈၇) သာဝတ္ထိမြို့၊
ဇေတဝန်ရွှေကျောင်းတော်ကြီးမှာ
“ဗုဒ္ဓဝင် ပါဠိတော်ကြီး”ကို ဟောကြားခဲ့ပါတယ်။
ဒါကြောင့်ဘုရားရှင်ရဲ့ ဖြစ်စဉ်တော် ဗုဒ္ဓဝင်ကို
ဟောကြားခဲ့တာလည်း ဒီကဆုန်လပြည့်ပဲဖြစ်ပါတယ်။
■(၅) ။ မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ် ၄၅ ဝါပတ်လုံး
တရားဓမ္မဟောကြားပြီး သတ္တဝါတို့အကျိုးကို
နေ့မနားညမအားကြိုးစားဆောင်ရွက်တော်မူခဲ့ပြီး
မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ကဆုန်လပြည့်
(ဘီစီ ၅၄၃)နေ့ ကုသိနာရုံပြည် ၊မလ္လာမင်းတို့ရဲ့
အင်ကြင်းစုံစုံပေါက်ရောက်နေသော
အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ် ။
ဒါကြောင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်
မူတာလည်း ကဆုန်လပြည့်နေ့ပဲဖြစ်ပါတယ်။
ဒီလိုထူးခြားတဲ့ အချက် ( ၅ ) ချက်နဲ့ ပြည့် စုံနေတဲ့
ကဆုန်လပြည့်နေ့ကို
“ဖွား၊ပွင့်၊ ဟော၊စံ၊ဗျာဒိတ်ခံ-မှတ်ရန် လကဆုန်”
လို့ မှတ်ရလွယ်အောင်သင်္ကေတ ပြုထားကြပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ ဓလေ့မှာတော့
ကဆုန်လပြည့် ဗုဒ္ဓနေ့ ကို နေ့ထူးနေ့မြတ်အဖြစ်
သတ်မှတ်ပြီး ဗုဒ္ဓရဲ့အမှတ်အသားအပင်ဖြစ်တော်မူတဲ့
ဗောဓိညောင်ပင်တို့ကို ညောင်ရေ သွန်းလောင်းခြင်း၊
ဥပုသ်သီလဆောက်တည်ခြင်း၊
ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့ လုပ်ဆောင်ကြပါတယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】

“ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ဝိဆက်ဒေး Vesak Day” “ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ဝိဆက်ဒေး Vesak Day” Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on May 09, 2017 Rating: 5

No comments:

Powered by Blogger.