ဗုဒ္ဓဘာသာ ( ၅ ) မျိုး (ဗုဒ္ဓဘာသာဆိုင်ရာသိမှတ်ဖွယ်ရာများ)

သင်က ဘယ်နံပါတ်မှာပါ၀င်နေသလဲ
➖➖➖➖➖🌻➖➖➖➖➖

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာငါးမျိုးကွဲပြားလိမ့်မယ်"ဟုဟောတော်မူထားခဲ့ပါတယ်။

(၁)။ကုလဗုုဒ္ဓဘာသာ
(၂)။လာဘဗုဒ္ဓဘာသာ
(၃)။ဘယဗုဒ္ဓဘာသာ
(၄)။သဒ္ဓါဓိကဗုဒ္ဓဘာသာ
(၅)။ပညာဓိကဗုဒ္ဓဘာသာ

(၁)ကုလဗုဒ္ဓဘာသာ(မိရိုးဖလာဗုဒ္ဓဘာသာ)
➖➖➖➖➖➖➖➖➖➖➖➖➖
ကုလဗုဒ္ဓဘာသာဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့သား သမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန််ဆိုုရင် သားသမီးကလည်းခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ်ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။

ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို ဘာကြောင့် ကိုး ကွယ်ရမှန်းမသိ။ ဘုရားကို ဦးချတာဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရို သေသေနဲ့ အလေးပြုနေမှန်းကိုမသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာဘာမှမပါတာ။ ကုလဗုဒ္ဓ ဘာသာပါ။

(၂)လာဘာဗုဒ္ဓဘာသာ
➖➖➖➖➖➖➖
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ဒီဘဝ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ် တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှလာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေဘာလို့ လာဘ်ရွှင် နေတာလဲ။ အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဉာဏ်ဝီရိယသတ္တိ ကြောင့်ပါ။ အရောင်းအဝယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်၊ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင် တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော ်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေချေစတဲ့ လာဘ်လာဘလိုချင်လို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာဟု ခေါ်ပါ သည်။

(၃)ဘယဗုဒ္ဓဘာသာ(ကြောက်လို့ကိုးကွယ်သောဗုဒ္ဓဘာသာ)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။အန္တရယ်ကင်းဖို့၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ် တာကို “ဘယဗုဒ္ဓ ဘာသာ” ဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန် တွေ၊ အစလာမ်တွေ အသက်ရှစ်ဆယ်တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ
လာဘ်လာဘလိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကိုအောက်တန်းစား ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်လုပ်နေတာတွေကို မြတ်စွာ ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာကိုယ်မှာအသိ၊ ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေလုပ်နေရတာလဲ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ? စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိကဗုဒ္ဓဘာသာ
➖➖➖➖➖➖➖
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာယုံကြည်ချက်ပါ။ ဘုရား၊ တရား၊သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့ နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာသစ္စာတရား သိတော်မူတဲ့ မြတ်စွာ ဘုရားဟာ ဝေနေယျသတ္တဝါတွေကို သူသိသကဲ့သို့မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာ သူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံ သွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေလွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်၊ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့တရားတော်ကို ကြိုးစားမယုတ် ပွားများအား ထုတ်လိုက်လို့တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာလျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာာရဲ ့ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကိုယုံကြည်မှု။

ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါ ယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီးကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ယ ုံကြည်မှုဗုဒ္ဓရဲ့ ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာရမ်းဦးတိုုက်ရတဲ့ ကုလဗုဒ္ဓဘာသာ တွေရဲ့ယုံကြည်မှု ဒါတွေကမိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာ လမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင ်နိုင်လို့၊အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံုးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့သမ္မာသဒ္ဓါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကိုရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လိို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကိုရှောင်၊ အမှန်လမ်းကို ဆောင်တာသည့်် သမ္မာသဒ္ဓါရှိတဲ့ သဒ္ဓါဓိကဗုဒ္ဓဘာသာပါ။

(၅)ပညာဓိကဗုဒ္ဓဘာသာ
➖➖➖➖➖➖➖➖
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်းဆိုတော့ ရမ်းယုံတာ မဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါး တရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက ်မြင်တာ ခန္ဓာကမြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင်သစ္စာတရား တော်ကိုသေချာသိပြီး ကျင့်ကြည့်လိုက်တော့မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည် တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဓါတရား မှန်မှန်ကန်ကန်နဲ့ သာကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျ ကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဉာဏ်နဲ့ ဖြတ်ရပါမယ်။ ဉာဏ်နဲ့ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။

အရှင်တေဇနိယ(အုတ်ဖို)
Dhamma Wizaya-ဓမ္မဒါန
ဗုဒ္ဓဘာသာ ( ၅ ) မျိုး (ဗုဒ္ဓဘာသာဆိုင်ရာသိမှတ်ဖွယ်ရာများ) ဗုဒ္ဓဘာသာ ( ၅ ) မျိုး (ဗုဒ္ဓဘာသာဆိုင်ရာသိမှတ်ဖွယ်ရာများ) Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on May 10, 2017 Rating: 5

No comments:

Powered by Blogger.