ပဝါရဏာ- ဟူသည်

 
ပဝါရဏာ- ဟူသည်
~~~~~~~~~~~~~
မိမိအပေါ်အပြစ်ရှိက ပြောဆိုဆုံးမနိုင်ရန်အချင်းချင်းဖိတ်ကြားထားခြင်းဖြစ်သည်။ ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ပြောဆိုဆုံးမ ထောက်ပြနိုင်ရန် ဖိတ်ကြားသည့်ပွဲကို ပဝါရဏာပွဲဟုခေါ်သည်။

သီတင်းကျွတ်လပြည့်နေ့၌ အဆိုပါ ပဝါရဏာပွဲ မဖြစ်မနေပြုလုပ်ကြရန် မြတ်ဗုဒ္ဓပညတ်ထားသည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့သည် မဟာပဝါရဏာနေ့လည်းဖြစ်သည်။

ယင်းသည့် မဟာပဝါရဏာနေ့၌ သိက္ခာဝါအကြီးဆုံးမှစ၍ အငယ်ဆုံးရဟန်းတိုင်အောင်မည်သူမဆို နှုတ်ဖြင့်ရွတ်ဆိုဖိတ်ကြားကြသည်။

ဗုဒ္ဓအလိုကျ ဖိတ်ကြားပုံ စကားရပ် “ သံဃံ ဘန္တေ ဘဝါရေမိ ဒိေဋ္ဌန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ၊ ဝဒန္တု မံ အာယသ္မန္တော အနုကမ္မံ ဥပါဒါယ၊ ပဿန္တော ပဋိ ရိဿမိ ” (ဝိ- ၃၊ ၂၂၃)

အရှင်သူမြတ်တို့ဘုရား၊ တပည့်တော်အပေါ် မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှားသံသယရှိ၍ဖြစ်စေ လိုအပ်သလို ပြောဆိုဆုံးမနိုင်ရန် တပည့်တော် သံဃာတော်ကိုဖိတ်ကြား(အပ်နှံ)ပါသည်ဘုရား။

အရှင်မြတ်တို့သည် တပည့်တော်ကို အစဉ်သနားစောင့်ရှောက်သောအားဖြင့် ပြောဆိုဆုံးမကြပါကုန်ဘုရား။ တပည့်တော် အရှင်ဘုရားတို့ပြောသည့်အတိုင်း (နားလည်လက်ခံ သဘောပေါက်ပြီး) အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကုစားပါမည်။ လိုက်နာကျင့်သုံးပါမည်ဘုရား။

အောက်လက်ငယ်သားကို မဆိုထားနှင့် မထေရ်ကြီးကစ၍ စံပြအဖြစ်ဖြင့် ရှေးဦးစွာ မိမိကိုယ်ကို သံဃာအား အပ်နှံရသည်။ ဖိတ်မန္တကပြုရသည်။ ပဝါရဏာသည် ဗုဒ္ဓအလိုကျ အနှိုင်းမဲ့ဒီမိုကရေစီစနစ်ဖြစ်သည်။

သံဃာ့ကံမှန်သမျှ ဒီမိုကရေစီစနစ်ဖြင့်သာ ကျင့်သုံးဆောင်ရွက်ကြရသည်။

ယခုခေတ် အချို့ခေါင်းဆောင်များသည် ပြည်သူ့ထံမှ ဆန္ဒမဲခံယူစဉ်က
ပြည်သူ့အသံကို နားထောင်မည်၊ တရားဥပဒေစိုမိုးအောင်လုပ်မည်၊
ပြည်သူ့ဘဝ ကောင်းစားအောင်လုပ်မည်၊ ပြည်သူကမကြိုက်လျှင် ချက်ချင်းဆင်းပေးမည်ဟု အာမခံခဲ့သော်လည်း ရာထူးအာဏာရလာသောအခါ အဆိုပါ အာမခံချက်များ ဘယ်ရောက်သွားမှန်းမသိတော့။

အပြော၊ အလုပ် ညီပါစေပြောပြီးသည့်စကားအတိုင်း ပြုလုပ်သူကို ယထာ ဝါဒီ၊ တထာ ကာရီအပြောနှင့်အလုပ်ညီသူဟု ဘုရားဟော ဒေသနာများ၌ ဆိုသည်။

ထိုသူမျိုးကိုလူကြီးလူကောင်းပီသသူဟု ဆိုရမည်။

မြတ်စွာဘုရားသည် ဒီပင်္ကရာမြတ်ဗုဒ္ဓထံမှ ဘုရားဖြစ်မည့်သူဖြစ်ကြောင်း ဗျာဒိတ်ရချိန်မှာပင် -ဗုဒ္ဓေါ ဗောဓေယျံ- ငါသိလျှင် သတ္တဝါတွေကိုလည်း သိအောင်လုပ်ပေးမည်။

တိဏ္ဏော တာရေယျံ- ငါကူးမြောက်ပြီးလျှင် သတ္တဝါတွေကိုလည်း ကူးမြောက်နိုင်အောင် လုပ်ပေးမည်။

မုတ္တော မောစေယျံ- ငါလွတ်မြောက်လျှင် သတ္တဝါတွေကိုလည်း လွတ်မြောက်အောင် လုပ်ပေးမည် ဟု ကြုံးဝါးခဲ့သည်။

ကြံုးဝါးသည့်အတိုင်းလည်း ဘုရားအဖြစ်သို့ရောက်ချိန်မှစ၍ သူပြောခဲ့သည့်အတိုင်း ဝေနေယျတို့အတွက် လုပ်ပေးသွားသည်။

မြတ်ဗုဒ္ဓသာမဟုတ် အရိယာအစရှိသော သူတော်ကောင်းများနှင့်တကွ လူကြီးလူကောင်းပီသသူတိုင်း ပြောထားသည့်အတိုင်း လုပ်ပေးလေ့ရှိကြသည်။ လူကြီးလူကောင်း မပီသသူများကတော့ ပြောသာပြောပြီး ပြောသည့်အတိုင်း မလုပ်ကြ။

ထိုသူများကို လူပေါကြီး၊ လူညာကြီး၊ လူလိမ်ကြီးဟု ပြောလေ့ရှိသည်။

မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးက သူ၏ မဟာဗုဒ္ဓဝင်နိဂုံး၌ -မလုပ် မပြော၊ လုပ်မှ ပြော၊ သဘောစင်လှစေ။

အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ပေ။ ဟု မိန့်ဆိုထားသည်။

ပဝါရဏာကို ပညတ်ခဲ့သော မြတ်ဗုဒ္ဓ၏ ရည်ရွယ်ချက်မှာ လူသားတိုင်းသည် အမှားနှင့် မကင်းနိုင်ကြ။ အမှားရှိလျှင် ထောက်ပြဝေဖန်ဖို့နှင့်မမှားစေကာမူ အမှုမဲ့အမှတ်မဲ့ မိမိ၏ အပြုအမူကြောင့် တစ်ဖက်သားထိခိုက်နစ်နာမှုရှိ
သည်များကိုလည်း ထောက်ပြဝေဖန်ဖို့ ဖြစ်သည်။

ဒါဟာအဆင့်မြင့်သော လူ့ယဉ်ကျေးမှုကိုလည်း ဖော်ညွှန်းသည်။ ယဉ်ကျေးသူတိုင်းသည် မိမိအတွက် သူတစ်ပါးထိခိုက်နစ်နာမှာစိုး၍ ဝမ်းနည်းပါသည်၊တောင်းပန်ပါသည်၊ ှသမမပ ပါဟု ပြောလေ့ရှိကြသည်။

မိမိအပြစ်ရှိကထောက်ပြဝေဖန်ဖို့ တစ်ဖက်သားကို ဖိတ်ကြားထားခြင်း၊ အသိပေးထားခြင်း၊ လမ်းဖွင့်ပေးထားခြင်းသည် ဒီမိုကရေစီကျသော သူတော်ကောင်းလုပ်ရပ်ဖြစ်သည်။

အမှန်တကယ်တော့ မိမိလိုအပ်ချက်ကို ထောက်ပြဝေဖန်ပေးခြင်းသည် မိမိအကျိုးအတွက် မိမိကို ကူညီခြင်းတစ်မျိုးပင်ဖြစ်သည်။

မြတ်ဗုဒ္ဓကလည်း ဓမ္မပဒဒေသနာ၌ ဤသို့ဟောကြားထားသည်။ (ဓမ္မပဒဂါထာ- ရ၆)

မိမိအပြစ် ထောက်ပြဝေဖန်သူကို မိမိအတွက် ရွှေအိုး ညွှန်ပြသူအဖြစ် မှတ်ယူရမည်။

နှိပ်ကွပ်ပြောဆိုသင့်သည်ကို နှိပ်ကွပ်ပြောဆိုလေ့ရှိသော ပညာရှိသူတော်ကောင်းကိုမှီဝဲဆည်းကပ်ရမည်။

ထိုသူမျိုးကို မှီဝဲဆည်းကပ်ခြင်းကြောင့် ချီးမွမ်းထိုက်သူသာဖြစ်မည်။ ဘယ်တော့မှယုတ်ညံ့သူမဖြစ်နိုင်။

ကြီးပွါးတိုးတက်လိုသူတိုင်းသည် မိမိ၏ လိုအပ်ချက်အတွက်ထောက်ပြဝေဖန်သူကို လက်ခံကြိုဆိုရမည်သာဖြစ်သည်။

လက်ခံမကြိုဆိုနိုင်သူသည် ကြီးပွားတိုးတက်သူမဖြစ်နိုင်၊ ရဟန်းသံဃာများ ပဝါရဏာပြုခြင်းသည် မိမိကိုယ်တိုင်က ကြိုတင်၍ တပည့်တော်အပေါ်
မြင်၍ဖြစ်စေ၊ကြား၍ဖြစ်စေ၊ ယုံမှားသံသယရှိ၍ဖြစ်စေ လိုအပ်သလို ပြောဆိုဆုံးမနိုင်ရန် တပည့်တော်သံဃာတော်ကို ဖိတ်ကြား(အပ်နှံ)ပါသည်ဘုရား။

အရှင်မြတ်တို့သည် တပည့်တော်ကိုအစဉ်သနားစောင့်ရှောက်သောအားဖြင့် ပြောဆိုဆုံးမကြပါကုန်ဘုရား-ဟု ဖိတ်ကြားထားခြင်းဖြစ်သည်။ အလွန်သူတော်ကောင်းဆန်သည့် လုပ်ရပ်ဖြစ်သည်။

မြတ်ဗုဒ္ဓအလိုကျ လုပ်ရပ်လည်းဖြစ်သည်။ ဒီမိုကရေစီဝါဒ လက်တွေ့ကျင့်သုံးခြင်းလည်းဖြစ်သည်။

ဒီမိုကရေစီသမားဟု အမည်ခံပြီး သူတစ်ပါးထောက်ပြဝေဖန်သည်ကို၊ ဆန္ဒပြသည်ကို လက်မခံနိုင်သူသည် နာမည်နှင့် လုပ်ရပ် မဟပ်သောသူသာဖြစ်မည်။

သကတ္ထကြောင့်၊ ရသောပညတ်၊သကတ်ပျောက်လျက်၊ မည်မပျက်သည်၊ မှတ်လော့ အတွင်ရုဠှီတည်း-ဟု ရှေးပညာရှင်များ မိန့်ဆိုထားသည်။

ယနေ့ မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်ကြီးပွားလိုလျှင် ပဝါရဏာဒေသနာလာသည့်အတိုင်း မလွဲမသွေလိုက်နာ ကျင့်သုံးဖို့လိုပေမည်
။ထောက်ပြဝေဖန်သူကလည်း အပြုသဘောဖြင့် ထောက်ပြရမည်။
ဝေဖန်ရမည်။ ဆန္ဒထုတ်ဖော်ရမည်။ ဝေဖန်ခံရသူကလည်း မိမိက မှန်တာလုပ်ဖို့သာလိုသည်။

ထောက်ပြဝေဖန်ခံရမည်ကို ဆန္ဒပြခံရမည်ကို ကြောက်စရာမလို၊ ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဆိုသည့်အတိုင်း ကြံ့ကြံ့ခံနိုင်ရမည်။ ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်းသည်းခံလေ-ဆိုသော ခန္တီမင်္ဂလာ၊လောကဓံကြံု မဖြံုတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်လေ-ဟူသော ဖုဋ္ဌဿလောကဓမ္မေဟိမင်္ဂလာနှင့်လည်း ပြည့်စုံဖို့လိုပေမည်။

ပြည်ခိုင်ဖြိုးပါတီဖြစ်စေ၊NLD ပါတီဖြစ်စေ မည်သူမဆို ထောက်ပြဝေဖန်တာကို အမုန်းစကားထင်ပြီး ဘုန်းတော်ဘွဲ့ဖြင့် အမြှောက်သာကြိုက်နေလျှင်တော့ ဘယ်နည်းနှင့်မျှ တိုးတက်ကြီးပွားမည်မဟုတ်။

မိမိလည်း တိုးတက်ကြီးပွားမည်မဟုတ်။ နိုင်ငံလည်း တိုးတက်ကြီးပွားမည်မဟုတ်။

ယနေ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီး ညီညွတ်ကြဖို့၊ သွေးစည်းကြဖို့၊ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုနေပေပြီ။ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ကျင့်ဖွယ် သားတို့တာ-ဆိုသည့်အတိုင်း မြန်မာလူမျိုးတိုင်း ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ဝိုင်းဝန်းကာကွယ်ကြဖို့ မလွဲမသွေ လိုအပ်နေပေပြီ။

မြန်မာ့ အမျိုး ဘာသာ သာသနာ ကြီးပွားတိုးတက်သည်ကို မလိုလားကြကုန်သော ဘာသာခြား၊ လူမျိုးခြားများကတော့ နည်းအမျိုးမျိုးဖြင့်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီးကို သွေးခွဲသင့်လျှင် သွေးခွဲမည်၊ သိမ်းသွင်းသင့်လျှင် သိမ်းသွင်းမည်၊ တစ်ဖက်ရန်သူ၏ ခြောက်မှု၊
မြှောက်မှုကိုကြံ့ကြံ့ခံပြီး အချင်းချင်း ညီညီညွတ်ညွတ် မြန်မာ့အရေး
ဆောင်ရွက်ကြပါဟု တိုက်တွန်းရင်း ပဝါရဏာ သိစရာ ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။

``အရှင်တိလောကာဘိဝံသ (အင်းစိန်)´´
ရွာမပရိယတ္တိစာသင်တိုက်။
ပဝါရဏာ- ဟူသည် ပဝါရဏာ- ဟူသည် Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on October 12, 2016 Rating: 5

No comments:

Powered by Blogger.