ပါရမီ(၁၀)ပါး

**ပါရမီ (၁၀) ပါး**

(၁) စွန့်လွှတ်ခြင်း - ဒါန
(၂) ကိုယ်ကျင့်ကောင်းခြင်း - သီလ
(၃) တပ်မက်မှုကင်းခြင်း - နေက္ခမ္မ
(၄) အမှန်အတိုင်းသိခြင်း - ပညာ
(၅) ဇွဲလုံ့လရှိခြင်း - ဝီရိယ
(၆) သည်းခံခြင်း - ခန္တီ
(၇) မှန်ကန်ခြင်း - သစ္စာ
(၈) ခိုင်မာသောဆုံးဖြတ်ချက်ရှိခြင်း - အဓိဌာန်
(၉) မေတ္တာထားခြင်း - မေတ္တာ
(၁၀) လျစ်လျူရှုခြင်း - ဥပေက္ခာ

...မည်သည့်လုပ်ငန်းကိုဖြစ်ဖြစ် မိမိလုပ်ငန်းတွင် အနစ်နာခံခြင်း သဘောသည် ပါ၀င်မြဲဖြစ်၏။ ထို့ကြောင့်မိမိလုပ်သောလုပ်ငန်း၌ အနစ်နာခံခြင်းကို လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းအဖြစ်ခံယူပြီးပါက * ဒါနပါရမီကို ဖြည့်ခြင်း* ဖြစ်၏။

...ထိုသို့လုပ်ရာ၌ ကိုယ်ကျိုးကို မငဲ့ဘဲ ဖြူစင်သော စိတ်ထားဖြင့်လုပ်ပါက *သီလပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

...မိမိလုပ်သောလုပ်ငန်း၌ ပစ္စည်းလာဘ်လာဘကိုဖြစ်စေ.ရာထူးဂုဏ်သိန်ကိုဖြစ်စေ. ခေါင်းဆောင်ဖြစ်လို၍ဖြစ်စေ. အများ၏ လေးစားခံရမှုကိုဖြစ်စေ. ထင်ပေါ်ကျော်ကြားမှုကိုဖြစ်စေ. အခြားတစ်နည်းနည်းဖြင့် ရနိုင်သော အခွင့်အရေး တစ်မျိုးမျိုးကိုဖြစ်စေ. ပြောရိုးဝေါဟာရဖြင့်ပြောရလျှင် ဘဝသမ္ပတ္တိနှင့် ဘောဂသမ္ပတ္တိ ကိုဖြစ်စေ တစ်စုံတစ်ရာမျှော်ကိုးခြင်းဟူ၍ လုံးဝမရှိဘဲ မိမိအနေဖြင့် လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းကို လုပ်ခြင်းဟူ၍သာ ခံယူပြီးလုပ်ပါက *နေက္ခမ္မ-ပါရမီကို ဖြည့်ခြင်း* ဖြစ်၏။

...ထိုသို့လုပ်ရာ၌ မိမိအတွက် အကျိုးအရှိဆုံးအဖြစ် မခံယူဘဲ လောကအတွက် အကျိုးအရှိဆုံးအဖြစ်ခံယူပြီး မိမိ၏ကာယအားနှင့် ဉာဏအားကို အပြည့်အဝအသုံးပြုပြီး အကြောင်းနှင့်အကျိုးဆက်စပ်၍ လုပ်ပါက *ပညာ-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

...မလျော့သောဇွဲ.လုံ့လဖြင့်လုပ်ပါက -၀ီရိယ-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

...တွေ့ကြုံရသော အခက်အခဲဟူသမျှကို နောက်မဆုတ်ဘဲ ကြံ့ကြံ့ခံ၍ ဆောင်ရွက်ပါက ထိုသို့ဆောင်ရွက်ခြင်းသည်
*ခန္တီ-ပါရမီကိုဖြည့်ခြင်း*ဖြစ်၏။

...လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းအဖြစ်ခံယူထားသည့်အတိုင်း ထိုခံယူချက်အပေါ် သစ္စာမဖောက်ဘဲ ကာယကံအားဖြင့်လည်းကောင်း.၀စီကံအားဖြင့်လည်းကောင်း မိမိ၏ မူလခံယူချက်နှင့်အညီ ဆောင်ရွက်ပါက
*သစ္စာ-ပါရမီကိုဖြည့်ခြင်း*ဖြစ်၏။

...မိမိ၏ မူလခံယူချက်အရ ဆောင်ရွက်ရာတွင် အခြေအနေနှင့် အချိန်အခါအလိုက် လုပ်နည်းလုပ်ဟန် ပြောင်းလဲသော်လည်း မူရင်းရည်ရွယ်ချက် အနည်းငယ်မျှရွှေ့လျှောမခံဘဲ ဆောင်ရွက်ပါက ထိုသို့ဆောင်ရွက်ခြင်းသည် *အဓိဋ္ဌာန်-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

... မိမိပတ်ဝန်းကျင်လောကအပေါ် တစ်ကယ်တမ်းချစ်စိတ်ဖြင့် မိမိချစ်သောလောကအတွက် မိမိ၏အသက်. အိုးအိမ်. စည်းစိမ်တို့ကိုပါ စွန့်လွှတ်နိုင်သောမေတ္တာမျိုးဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက *မေတ္တာ-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

...မိမိဆောင်ရွက်နေသောလုပ်ငန်းနှင့် ပတ်သက်၍ မည်သူကမြှောက်မြှောက်. မည်သူကချောက်ချောက် တစ်စုံတစ်ရာ တုန်လှုပ်မှုမရှိဘဲ မိမိ၏လုပ်ငန်းကို ပြီးမြောက်အောင်သာ အာရုံစူးစိုက်ပြီး ဆောင်ရွက်ခြင်းမျိုးဖြစ်ပါက
*ဥပေက္ခာ-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။ ဤသည်မှာ မြင့်မြတ်သူတို့၏ လုပ်ငန်းအနေဖြင့် လုပ်ရာတွင် အခြေခံအားဖြင့် လုပ်ငန်း(၁၀)မျိုးဖြစ်၏။
...ဆရာကြီးဦးရွှေအောင် ရေးသားခဲ့သော `` ဗုဒ္ဓ...လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင် ´´

စိတ်ထားတတ်မှ စိတ်ချမ်းသာမယ်

ယောနိသောမရှိတဲ့သူ၊ စိတ်မထားတတ်တဲ့သူဟာ
ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်မနေတတ်သလို
ကိုယ့်ပတ်ဝန်းကျင်ကိုလည်း
စိတ်ချမ်းသာအောင် ဖန်တီးမပေးနိုင်ဘူး ..။
ဒါကြောင့် မိမိရော၊ မိမိ ပတ်ဝန်းကျင်ပါ
စိတ်ချမ်းသာမှု အမြဲ ရှိစေဖို့အတွက်
လူသားတိုင်း
စိတ်ကျန်းမာရေးကောင်းအောင်
ကြိုးစားဖို့လိုအပ်လှပါတယ် ..။
သိပ်မခက်ခဲပါဘူး
အရာရာကို ယောနိသောမနသိကာရ ထားလိုက်ယုံပါပဲ ။
စိတ်ထားတတ်ရင် စိတ်ကျန်းမာပါတယ် ။
ယောနိသောမနသိကာရ ဆိုတာ
စိတ်ထားတတ်တာကိုပြောတာပါ ..။
ကောင်းတဲ့အခြေအနေနဲ့ပဲ တွေ့တွေ့၊
ဆိုးတဲ့ အခြေအနေနဲ့ပဲ တွေ့တွေ့၊
တွေ့သမျှ အခြေအနေထဲက ကောင်းတဲ့အချက်ကို
မရရအောင် ရှာကြံတွေ့ပြီး
စိတ်ချမ်းသာအောင် ထားတတ်တာကို
စိတ်ထားတတ်တယ်လို့ခေါ်ပါတယ် ။
စိတ်ထားမတတ်ရင်
စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ
စိတ်ဆင်းရဲ နေတတ်ပါတယ် …။
ဆရာတော် အရှင်ဆန္ဓာဓိက ရဲ့စိတ်အားဖြည့်ဓမ္မအတွေး

ဒီတစ်ခါတော့ ဆရာတော် အရှင်ဆန္ဓာဓိက ရဲ့စိတ်အားဖြည့်ဓမ္မအတွေးလေးတွေကို ဓမ္မဒါန ပြုအပ်ပါတယ်.....
မိဘကျေးဇူးအကျေဆပ်နည်း

စိတ်မထားတတ်တဲ့မိဘ
စိတ်ထားတတ်အောင်၊
စိတ်ထားတတ်ပြီးသားမိဘ
ပို၍ပို၍ စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမ ပေးရင်
မိဘကျေးဇူး ကျေပါတယ်။
ကုသိုလ်မလုပ်သေးတဲ့ မိဘ
ကုသိုလ်လုပ်အောင်၊
ကုသိုလ်လုပ်နေတဲ့ မိဘ
ပို၍ပို၍ ကုသိုလ်လုပ်အောင်
ကူညီပံ့ပိုးပေးရင်
မိဘကျေးဇူးကျေပါတယ်။
တရားမရှိသေးတဲ့ မိဘ
တရားရှိအောင် ၊
တရားရှိပြီးသား မိဘ
ပို၍ပို၍ တရားရှိအောင်
စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ် ။
စေတနာကောင်းရင် အကျိုးပေးကောင်းတယ်

ဘယ်သူဘယ်လောက်ပဲ အလုပ်များတယ်ပြောပြော
လူတိုင်း လူတိုင်းမှာ
ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်ရယ်လို့
အလုပ်သုံးမျိုးပဲ ရှိပါတယ် ။
အဲဒီအလုပ်သုံးမျိုး လုပ်တိုင်း လုပ်တိုင်း
စေ့ဆော်တိုက်တွန်းမှုဆိုတဲ့
စေတနာဓာတ်လေး အမြဲပါပါတယ်။
ကောင်းတာလုပ်ရင် ကောင်းတဲ့စေတနာ၊
ဆိုးတာလုပ်ရင် ဆိုးတဲ့စေတနာ
တွဲပါနေပါတယ် ။
အလုပ်တိုင်းမှာ တွဲပါနေတဲ့ အဲဒီစေတနာဓာတ်လေးကို
ကံ လို့ခေါ်ပါတယ် ။
စေတနာကောင်းရင် ကံကောင်းပြီး
စေတနာဆိုးရင် ကံဆိုးပါတယ်။
ကံကောင်းရင် အကျိုးပေးကောင်းပြီး
ကံဆိုးရင်တော့ အကျိုးပေး ညံ့ပါတယ် ..။
စိတ်ဓာတ်မြင့်မားလေ အများအကျိုးဆောင်ရွက်လေ

ကြုံတွေ့လာသမျှ လူသားတိုင်းရဲ့အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်သမျှ မေတ္တာစေတနာအပြည့်နဲ့
ကူညီဆောင်ရွက်ပေးတာကိုပဲ
ဒီဘဝ ကျေးဇူးရှင် ၊သံသရာ့ကျေးဇူးရှင်တွေကို
ကျေးဇူးတုံ့ပြန်နေတာမို့
ကျေးဇူးဆပ်တယ် လို့ခေါ်ပါတယ် ..။
မျက်မှောက်မျက်ကွယ် ကျေးဇူးရှင်တွေကို
ကျေးဇူးဆပ်နေရတာကိုပဲ
ပေးဆပ်နေရတယ်လို့ပေါ့ပေါ့ပါးပါး သုံးနှုန်းကြပါတယ်..။
ကျေးဇူးတရားကို သိနားလည်တဲ့ သူတော်ကောင်းမှန်သမျှ
ကိုယ်နဲ့ထိတွေ့ပတ်သတ်လာသူတွေရဲ့ အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်တဲ့ဘက်က
သို့မဟုတ်
ကိုယ်စိတ်ဝင်စားတဲ့ အခန်း ကဏ္ဍက
အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးရင်း
ကျေးဇူးတရားကို တုံ့ပြန်ပေးဆပ်နေကြတာမို့
လောကအတွက်ပေးဆပ်နေကြတဲ့
ပရဟိတ သူတော်ကောင်းတိုင်းကို
မြင့်မြတ်စွာ ပေးဆပ်နေသူများလို့
ကမ္ပည်းထိုးနိုင်ပါတယ် …။

https://67.media.tumblr.com/a311590fe7527ac1cba064a8b7903b40/tumblr_natfidaEsK1ttqpnzo1_500.gif

ပါရမီ(၁၀)ပါး ပါရမီ(၁၀)ပါး Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on September 15, 2016 Rating: 5

No comments:

Powered by Blogger.