တရားအရှင်

 dhammasami 01


နိဒါန်း

စာရေးသူ၏ ဓမ္မမိတ်ဆွေ အောက်စ်ဖို့ဒ် ဗုဒ္ဓဝိဟာရဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိရဲ့ ရွှေရတုမွေးနေ့ မှတ်တမ်းမှာ ဒီစာမူနှင့် ပူဇော်ခွင့်ရတဲ့အတွက် စာရေးသူ ကံထူးလှပါတယ်။ ညီတော်နောင်တော် သီးတင်းသုံးဖေါ် (၂) ပါးရဲ့ အတိတ်ပုံရိပ်ကို ဖော်ညွှန်းခြင်းဖြစ်ပါတယ်။

တရားအရှင်သခင်
“တရား” ကို ပါဠိဘာသာကတော့ “ဓမ္မ” လို့ခေါ်ပြီး အရှင်သခင်ကို ပါဠိဘာသာအားဖြင့်း “သာမိ” လို့ခေါ်ပါတယ်။ ဒါကြောင့် စာရေးသူရဲ့ သီတင်းသုံးဖေါ် ရွှေရတုမွေးနေ့ရှင် ဖြစ်တဲ့ “ဓမ္မသာမိ”ဟာ “တရားအရှင်သခင်” ပါ။

ဘာကြောင့် ဓမ္မသာမိ ဖြစ်ရသလဲ

         ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် အုဌ်ကျောင်း ဘုရားစင်ရှေ့မှာ ကိုရင်ငယ်နဲ့ ကပ္ပိယများ အသံကျယ်လောင်စွာနဲ့ ဘုရားဝတ်တက်နေကြပါတယ်။ ဘုရားရှိခိုးပြီးတဲ့နောက် ကပ္ပိယငယ်များအား ရှင်သာမဏေ ပြုပေးဖို့အတွက် စာအုပ်နဲ့ ဖောင်တိန်ကိုင်ထားတဲ့ ကျောင်းထိုင်ဆရာတော်ကြီက ကပ္ပိယ တစ်ယောက်စီရဲ့ နာမည်ကို ခေါ်လိုက်ပါတယ်။

“အိုက်ထွန်း မင်းက ဘာနေ့သားလဲ”

“တပည့်တော် ဗုဒ္ဓဟူးနေ့သားပါဘုရား”

“ဒါဆိုရင် မင်းနာမည်မှတ်ထား ဝိဇယတဲ့နော်”

“တင်ပါ့ဘုရား”

“အိုက်ဆာ မင်းကကော ဘာနေ့သားလဲ”

“တပည့်တော် မသိပါဘုရား”

“မင်းဘယ်နေ့မှာ မွေးသလဲဆိုတာ မင်းအမေ မပြောပြဘူးလား”

“တင်ပါ့ဘုရား တပည့်တော်က စျေးနေ့မှာမွေးတော့ တပည့်တော် စျေးနေ့သားပါဘုရား”

ဟား ဟား ဟား

တစ်ကျောင်းလုံး ရယ်သံတွေ ဖုံးလွမ်းသွားပါတယ်။ ဆရာတော်လည်း

“ထားလိုက်ပါတော့ မင်းအမေကို သေချာစွာ ပြန်မေးလိုက်ဦးနော်”

ကပ္ပိယတို့ရဲ့ နာမည်များကို တစ်ယောက်စီမေးပြီး နောက်ဆုံးတန်းမှာ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီနေတဲ့ အငယ်ဆုံး ကပ္ပိယလေးကို ဆရာတော် တစ်ချက်ကြည့်လိုက်တယ်။ ဆရာတော်ရဲ့ စိတ်ထဲမှာ ဒီကပ္ပိယလေးက အသက်ငယ်လွန်းတာကြောင့် သူ့ရဲ့ မွေးနေ့ကို သိလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ သို့ပေမယ့် ဆရာတော်က မေးလိုက်တယ်။

“ဟေ့ ကပ္ပိယ ခမ်းမိိုင် မင်းက ဘာနေ့သားတုံး”

ကပ္ပိယလေးကတော့ သူဘာနေ့သားလဲ ဆိုတာ စောစောကတည်းက စဉ်းစားထားပြီးသားပါ။ သူဘာနေ့သားလဲ ဆိုတာ သူ့အမေလည်း တစ်ခါမှ သူ့ကို မပြောပြခဲ့ဘူး။ အကယ်၍ သူက “မသိဘူး” လို့ ဖြေလိုက်ရင် သူအထင်သေးခံရမယ်။ ဒီ့အပြင် သူ့ရဲ့ မိဘတေါလည်း အထင်သေးခံရမယ် ဆိုပြီး သူဘာနေ့သားဖြစ်မလဲ ဆိုတာ သူလေးနက်စွာ စဉ်းစားနေခဲ့တယ်။ ခုနစ်ရက်နေ့သားတွေထဲမှာ သူရဲ့ စိတ်ထဲက “စနေ” ဆိုတာတော့ သူမှတ်မိပါတယ်။ တနင်္လာ၊ အင်္ဂါ စတဲ့ ကျန်တဲ့နေ့တွေကိုတော့ သူမသိဘူး။ စနေတစ်နေ့တည်းကိုပဲ သူမှတ်မိတယ်။ “မသိဘူး” ဆိုတဲ့ စကားကို မပြောချင်တာကြောင့် ကပ္ပိယလေးက သူသိတဲ့ နေ့သားအမည်ကို ရဲရဲရင့်ရင့် ပြောလိုက်ပါတယ်။

“တပည့်တော်က စနေသားပါဘုရား”

“ဟုတ်လို့လား ကပ္ပိယလေး”

“ဟုတ်ပါတယ်ဘုရား”

“အေး ကောင်းပြီ စနေသားဆိုတော့ ဓမ္မသာမိလို့ အမည်ပေးလိုက်မယ်”

“တင်ပါ့ဘုရား”

ကြုံဆုံပေမယ့် မသိခဲ့

         ပန်းသတင်း လေညင်းဆောင် လူ့သတင်း လူချင်းဆောင် ဆိုတဲ့အတိုင်း စာရေးသူ ညောင်ရွှေမြို့ ရွှေဂူစာသင်တိုက်မှာ ပရိယတ္တိစာပေ ဆည်းပူးနေတဲ့အချိန် “ရှင်ဓမ္မသာမိ”ရဲ့ သတင်းကို စတင်ကြားခဲ့ရတယ်။ သူညောင်ရွှေ ကန်ကြီးကျောင်းကနေ ပဲခူးကို ပြောင်းသွားခဲ့တာပါ။

ဆူးဆိုတာ ချွန်ပေးတဲ့သူ မရှိလည်း သဘာဝအတိုင်း ချွန်ထက်လာစမြဲဆိုသလို ရှင်ဓမ္မသာမိလည်း ငယ်ငယ်ကတည်းက ထက်မြက်တဲ့သူ ဖြစ်တယ်။ ကိုရင်ဘဝဖြစ်ပေမယ့် သူ့ထက် အသက်ရော ၀ါတော်ပါ ကြီးတဲ့ ဦးပဇင်းတွေကို သူက ဦးဆောင်နိုင်ခဲ့တယ်။ သူ့အကြောင်းကိုသာ ကြားရပေမယ့် သူနဲ့ စာရေးသူ မဆုံဖြစ်သေးပါဘူး။ တစ်နေ့မှာတော့ စာရေးသူညောင်ရွှေကနေ တောင်ကြီးကို အလည်လာခဲ့တယ်။ တောင်ကြီးမြို့ ရှမ်းပိဋကတ်ကျောင်းရဲ့ ဆွမ်းစားဝိုင်းမှာ စတင်ဆုံခဲ့တယ်။ အရှင်ဓမ္မသာမိဖြစ်ကြောင်း စာရေးသူ ရိပ်မိပေမယ့် သူကတော့ စာရေးသူကို သိမယ်မထင်။ ဆွမ်းစားနေစဉ်မှာ သူနဲ့ ဆရာတော်ကြီးတွေ စကားပြော မပြတ်တာကြောင့် စာရေးသူတို့နှစ်ယောက် စကားမပြောဖြစ်ခဲ့ပါ။ ဆွမ်းစားပြီးတာနဲ့ စာရေးသူလည်း ညောင်ရွှေကို ပြန်လာခဲ့တော့တယ်။ စာရေးသူ ညောင်ရွှေ ရွှေဂူစာသင်တိုက်မှာ (၆) နှစ် နေရစဉ်အတွင်း အရှင်ဓမ္မသာမိရဲ့ စာပေဝါသနာပါတဲ့အကြောင်းတွေကို ကြားသိနေခဲ့တယ်။ နောက်ပြီးတော့ သူနိုင်ငံခြားကို ထွက်သွားကြောင်း သတင်းရပြန်တယ်။

သိခဲ့ရပြီ ဒီတစ်ချီ

         ၁၉၉၂ ခု စာရေးသူ ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကို စတင်တက်ရောက်ခဲ့တယ်။ အရှင်ဓမ္မသာမိက နိုင်ငံခြားဆရာတော် တစ်ပါးနှင့်အတူ လိုက်ပါလာပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ လာတည်းခိုလို့ စာရေးသူနဲ့ ဆုံတွေ့ခဲ့တယ်။ သူနဲ့လည်း စကားတွေ များစွာ ပြောဖြစ်ခဲ့ပြီး ပိုမိုခင်မင်သွားတယ်။

အနာဂတ်လင်းလက်ကြယ်တစ်ပွင့်

         နောက် ၂ နှစ် နိုင်ငံတော်က ချီးမြင့်တဲ့ ဘွဲ့တံဆိပ်တော်ကို လာယူတဲ့ သီရိလင်္ကာက ဆရာတော်ဘုရားကြီး အနန္တမေတ္တေယျနဲ့အတူ အရှင်ဓမ္မသာမိ ရန်ကုန်ကို ထပ်မံရောက်လာပြန်တယ်။ သူတို့တည်းတဲ့နေရာက သာသနာ့တက္ကသိုလ်ရဲ့ အနောက်ဘက် ရွှေဟင်္သာဆောင်မှာဖြစ်လို့ စာရေးသူ မကြခဏ သွားလည်ပါတယ်။ ရပ်နီးရပ်ဝေး ဒကာဒကာမများလည်း ဆရာတော်ဘုရားကြီးကို လာရောက်ဖူးမျှော်နေလျက်ပါ။ တစ်နေ့ကျတော့ ရန်ကုန် မဟာဂန္ဓာရုံကျောင်းမှ တိပိဋကဓရဆရာတော် အရှင်သုမင်္ဂလက အာနန္ဒာမေတ္တေယျ ဆရာတော်ဘုရားကြီးအား လာရောက်ဖူးတွေ့ပါတယ်။ တိပိဋကဆရာတော်က အင်္ဂလိပ်လို မတတ်တာကြောင့် အာနန္တမေတ္တေယျဆရာတော်က ပါဠိလိုနဲ့ ပြောပါတယ်။ တိပိဋကဆရာတော်ကတော့ ပါဠိလို ပြောလာတာကို နားလည်ပါတယ်။ ဒါပေမယ့် အလေ့အကျင့် မရှိတာကြောင့် ပါဠိလို ပြောမထွက်ဖြစ်နေတယ်။ ဆရာတော်နှစ်ပါး အကြားမှာ အရှင်ဓမ္မသာမိက မြန်မာလို ဘာသာပြန်ပေးလိုက်၊ ပါဠိလို ဘာသာပြန်ပေးလိုက် ပြောနေတာကို စာရေးသူ ကြားနေရတယ်။ စာရေးသူအတွက် ပါဠိဘာသာပြောဆိုနေခြင်းကို ပထမဦးဆုံး ကြားရခြင်းဖြစ်တယ်။ သီရိလင်္ကာဘုန်းကြီးတွေ ခပ်များများ ပါဠိလို ပြောတတ်ကြပါတယ်။

ဆရာတော်ဦးသုမင်္ဂလ ပြန်သွားတဲ့နောက်ပိုင်း သီရိလင်္ကာ ဒကာဒကာမတွေ ရောက်လာကြပါတယ်။ နောက် မကြာခင် ထိုင်းဒကာတွေလည်း ရောက်လာသလို ရှမ်းဒကာ ဒကာမတွေလည်း ရောက်လာကြပြီး ဆရာတော်ဘုရားကြီးကို လာဖူးကြတယ်။ အဲဒီမှာ အရှင်ဓမ္မသာမိက ကြားထဲကနေ ဘာသာပြန်ပေးနေခဲ့တယ်။ ဧည့်သည်တွေ ပြန်သွားတဲ့နောက်ပိုင်း သာသနာ့တက္ကသိုလ်က ဆရာဦးတင်လွင်က လက်အုပ်ချီပြီး အရှင်ဓမ္မသာမိကို

“နေပါဦး အရှင်ဘုရား၊ အရှင်ဘုရားက ဘယ်ကလဲဘုရား၊ အရှင်ဘုရားပြောတဲ့ အင်္ဂလိပ်စကားက နားထောင်လို့ ကောင်းပါတယ်၊ အသံထွက်လည်း ရှင်းပါတယ်ဘုရား။ တပည့်တော်က အင်္ဂလန်မှာ ကျောင်းသွားတက်ခဲ့ဖူးသူပါ။ ဒီ့အပြင် သီရိလင်္ကာလိုရော ထိိုင်းလိုရော တခြားစကားတွေရော အရှင်ဘုရား ပြောနေတာ တွေ့ရတော့ တပည့်တော် မေးချင်တယ်ဘုရား၊ အရှင်ဘုရားစကား ဘယ်နှမျိုး တတ်ထားသလဲဘုရား”

အရှင်ဓမ္မသာမိ ဘယ်လိုပြန်ဖြေမလဲဆိုတာကို စာရေးသူ စိတ်ဝင်စားစွာနဲ့ စောင့်နေတယ်။

“ဦးပဇင်းက ရှမ်းပြည်ကပါ ဒကာကြီး၊ ကိုယ့်ကိုယ်ကို စကားဘယ်နှစ်ဘာသာ တတ်သလဲဆိုတာ မမေးကြည့်မိသေးဘူး”

ဆရာကြီး ဦးတင်လွင်လည်း

“အရှင်ဘုရားက သာသနာမှာ အနာဂတ် လင်းလက်ကြယ်တစ်ပွင့် ဖြစ်မယ်ဆိုတာ တပည့်တော် ယုံကြည်အားကိုးပါတယ်ဘုရား” ဟုလျှောက်ပြီး ဦးချကာ ပြန်သွားတော့တယ်။ ဘယ်မရာမဆို တိုးတက်ဖို့အတွက် လေ့လာဆည်းပူးမှုနဲ့ လက်တွေ့လုပ်ဆောင် အကောင်အထည်ဖေါ်ဖို့က အခရာကျပါတယ်။

သမ္မာဆန္ဒ

ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပြီးတဲ့နောက် စာရေးသူနဲ့ အရှင်ဓမ္မသာမိ ပိုမိုရင်းနီးလာခဲ့တယ်။ အဆက်အသွယ် ရှိလာခဲ့တယ်။ တစ်ခါတစ်လေ စာတိုက်ကနေ အရှင်ဓမ္မသာမိက စာရေးသူထံ စာထည့်လာတယ်။ စာအိပ်တ်စအိပ်။ အထဲက စာက သုံးစောင်။ ကျန်တဲ့ နှစ်စောင်က သာသာနာတက္ကသိုလ် စာချဆရာ ဦးထေရိန္ဒနဲ့ ဦးဓမ္မာနန္ဒတို့အတွက် ဖြစ်တယ်။ ဆရာတော်နှစ်ပါးထံါ် ရေးလာတဲ့ စာက ပါဠိလိုရေးလာခြင်းဖြစ်တယ်။ ပဲခူး သာသနာ့မဏ္ဍိုင်မှာ နေတုံးက ဆရာတော်နှစ်ပါးဟာ အရှင်ဓမ္မသာမိရဲ့ ပါဠိစာချဆရာဖြစ်ခဲ့တယ်။ ဒါကြောင့် ပါဠိလို ရေးလာခဲ့တာ။ စာရေးသူနဲ့ သူငယ်ချင်းတွေ အဲဒီစာကို မြင်တော့ တော်တော်ကို အံ့သြကြတယ်။

အရှင်ဓမ္မသာမိရဲ့ ဦးဆောင်မှုကြောင့် စာရေးသူတို့အဖွဲ့လည်း နိုင်ငံခြား ပညာသင် လမ်းကြောင်း ပွင့်သွားရတယ်။ လောကုတ္တရာစာပေကို အထင်မသေးဖို့ အရှင်ဓမ္မသာမိက ဒီလို ပြောဖူးတယ်။

“တပည့်တော် ယခုလို နိုင်ငံခြားမှာ အဆင့်မြင့်မြင့် စာပေတွေ အောင်မြင်ခဲ့တာဟာ လောကုတ္တရာစာပေ ကျေးဇူးကြောင့်ပါဘုရား၊ ဒါပေမယ့် ဘာပဲတတ်တတ် ကျွမ်းကျွမ်းကျင်ကျင် တတ်ဖို့ လိုအပ်တယ်”

ဘယ်အရာ ဘယ်လုပ်ငန်းမဆို ဆန္ဒလည်း အရေးကြီးဆုံး အခန်းကဏ္ဍမှာ ပါပါတယ်။ ဆန္ဒအကြောင်းနဲ့ ပတ်သက်လာရင် အရှင်ဓမ္မသာမိနဲ့ တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်တို့ ကျိုင်းတုံမှာ တွေ့ဆုံတုံးက အဖြစ်အပျက်လေးကို ကြည့်ရင် ထင်ရှားပါတယ်။ အရှင်ဓမ္မသာမိရဲ့ တော်မှုကို ဒေါက်တာစိုင်းခမ်းလိတ်က

“အရှင််ဘုရားဒီလို အောင်မြင်တဲ့ အဆင့်ရောက်တာကို မြင်ရတော့ တပည့်တော် ဝမ်းသာလှပါတယ် ဘုရား”

အရှင်ဓမ္မသာမိ ပြန်လည်အဖြေပေးတာကတော့

“ဦးပဇင်း ဒီအဆင့်ကို ရောက်လာတာဟာ ဒေါက်တာ စိုင်းခမ်းလိတ်ကို အားကျလို့ပါ”

“ဘာကြောင့် အဲဒီလို ပြောတာလဲဘုရား”

“ဦးပဇင်းကိ ဒကာကြီးရေးတဲ့ ရှမ်းသီချင်း ဗမာသီချင်း အင်္ဂလိပ်သီချင်းတွေ ဖတ်ဖူးတယ်။ ဒကာကြီး အင်္ဂလိပ်စာတွေ သီချင်းအဖြစ် ဖွဲ့သီနိုင်တာကို အားကျလွန်းလို့ တစ်နေ့နေ့ကျရင် အင်္ဂလိပ်စာတွေ များများရေးချင်တဲ့ ဆန္ဒ ဖြစ်ပေါ်ခဲ့တယ်။ ဦးပဇင်း ဒီအဆင့်အထိ ရောက်လာတာဟာ ဒကာကြီးကို အားကျခဲ့တဲ့ ဆန္ဒကြောင့်ပါ”

I am alive

အရှင်ဓမ္မသာမိနဲ့ ပတ်သက်လို့ စာရေးသူ မေ့မရတဲ့ အဖြစ်အပျက်ကတော့ ၂၀၀၁ ခုနှစ်က အဖြစ်အပျက် တစ်ခုပါ။ အရှင်ဓမ္မသာမိရဲ့ တိုက်တွန်းချက်အရ ၁၉၉၉ နဲ့ ၂၀၀၀ ပြည့်မှာ စာရေးသူ သီရိလင်္ကာရောက်လာပြီး ကေလဏီယျ တက္ကသိုလ်မှာ အဲမ်အေအတန်းလုပ်ခဲ့ပါတယ်။ အဲဒီအချိန် အရှင်ဓမ္မသာမိက အင်္ဂလန်ကို ရောက်သွားပါပြီ။ စာမေးပွဲပြီးတော့ စာရေးသူ မြန်မာပြည်ကို ခဏပြန်တယ်။ မကြာခင်မှာပဲ အောင်စာရင်းထွက်တော့ စာရေးသူ အောင်ပါတယ်။

သီရိလင်္ကာမှာ ဘွဲ့ယူရင်း ဆုံဖို့အတွက် အရှင်ဓမ္မသာမိနဲ့ စာရေးသူ ရက်ချိန်းလိုက်ကြတယ်။ အရှင်ဓမ္မသာမိက အင်္ဂလန်ကနေ စင်္ကာပူမှာ တရားလာဟောနေတယ်။ စာရေးသူက မြန်မာပြည်ကနေ ထိုင်းနိုင်ငံမှ တဆင့် သီရိလင်္ကာကို သွားမှာဖြစ်တယ်။

(၂၂၊ ရ၊ ၂၀၀၁) စာရေးသူ ရန်ကုန်ကနေ ထိုင်းလေကြောင်းနဲ့ ဘန်ကောက်၊ ဘန်ကောက်ကနေ သီိရိလင်္ကာကို ခရီးဆက်ခဲ့ကာ သန်းခေါင် ၁ နာရီလောက် သီရိလင်္ကာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကတ္တုနာယကေ လေဆိပ်ကို ဆိုက်ရောက်ပါတယ်။ ညီတော်နောင်တော်တွေ ကားနဲ့ လာကြီုကာ သန်းခေါင် ၂ နာရီကျော်ချိန် မကုဋာရာမကျောင်းကို ရောက်ပါတယ်။ နောက်တစ်နေ့ (၂၃၊ ရ၊ ၂၀၀၁) အရှင်ဓမ္မသာမိလည်း စင်္ကပူကနေ သီရိလင်္ကာကို ကြွလာတယ်။ ညီတော်နောင်တော်တွေ တာဝန်ခွဲပြီး လေဆိပ်ကို သွားကြိုကြတယ်။ စာရေးသူကတော့ မနေ့ညက အိပ်ရေးပျက်ထားတာကြောင့် လိုက်မသွားဖြစ်ခဲ့ပါ။

အရှင်ဓမ္မသာမိ စီးနင်းလိုက်ပါလာတဲ့ သီရိလင်္ကာအဲယားလိုင်းလေယာဉ်လဲ ကတ္တုနာယကပန်တရာ နာယကေ လေဆိပ်ကို အချိန်မှန် ဆိုဒ်ရောက်လာပါတယ်။ အချိန်ကတော့ သန့်ခေါင် ၁ နာရီကျော်ကျော်။ ခရီးသည်များ လေယာဉ်ပေါ်က ဆင်းလာပြီး ငါးမိနစ်အကြာမှာ တမီးလ်သူပုန်တွေက လေယာဉ်ကွင်းကို လာရောက်ပစ်ခတ်ကြတယ်။ အရှင်ဓမ္မသာမိ စီးလာတဲ့ လေယာဉ်လည်း မီးလောင်တဲ့အထဲ ပါသွားတယ်။ အဲဒီညက သီရိလင်္ကာလေယာဉ် (၁၃) စီး မီးလောင်ပျကို လေယာဉ်ကွင်း လုံခြံုရေးနဲ့ တိုက်ပွဲဖြစ်ကာ တမီးလ်သူပုန် ၉ ယောက် အသေရတယ်။

ဧည့်ကြိုရောက်လာကြတဲ့ ကားတွေ လေယာဉ်ကွင်းမှာ ရှိနေတဲ့ ကားတွေလည်း ကိုယ်လွတ်ရုန်း မောင်းထွက်သွားကြတယ်။ လေယာဉ်ရုံး အဆောက်အဦအတွင်းရှိနေကြတဲ့ ခရီးသည်တွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ထွက်ပြေးကြတယ်။

အရှင်ဓမ္မသာမိကို သွားကြိုကြတဲ့ အစီအစဉ်က အဖွဲ့သုံးဖွဲ့ ခွဲထားကြတယ်။ ပထမအဖွဲ့က အပြင်ဘက် ကားအနားမှာ စောင့်နေမယ်။ ဒုတိယအဖွဲ့က လေယာဉ်ရုံး အဆောက်အဦအတွင်းကို ဝင်ကြိုနေမယ်။ တတိယအဖွဲ့က အထဲအထိ ဝင်ကြိုမယ် ဆိုပြီး စီစဉ်ထားကြတယ်။ သေနတ်သံ ဗုံးသံတွေ ကြားရတော့ အပြင်မှာ စောင့်နေတဲ့ ပထမအဖွဲ့က ငှါးလာတဲ့ ကားနဲ့ အတူ ကိုလံဘိုကို မောင်းပြေးလာတော့တယ်။ ဒုတိယအဖွဲ့က အထဲမှာရောက်နေတော့ လူတွေထွက်ပြေးတာ မြင်လို့ အကြောင်းစုံမေးပြီး သူတို့လည်း ကြံုရာကားနဲ့ ပြန်လှည့်လာခဲ့တယ်။ တတိယအဖွဲ့ကတော့ အရှင်ဓမ္မသာမိနဲ့ တွေ့ပြီး သူတို့သုံးပါးလည်း အဆောက်အဦအပြင်ဘက်ကို ထွက်လာကြတယ်။ အပြင်မှာ ကားတစ်စီးမှ မကျန်တော့ပါဘူး။

အဲဒီတုံးက လက်ကိုင်ဖုန်းကိုင်တဲ့သူ သိပ်မရှိသေးဘူး။ ကိုယ်တော်နှစ်ပါးလောက်ပဲ လက်ကိုက်ဖုန်းရှိတယ်။ အရေးအကြောင်း ကြံုလာလို့ ဆက်ကြည့်တော့လည်း ၂ ပါးစလုံးက ပိတ်ထားတယ်။ သူတို့နှစ်ပါးက လက်ကိုင်ဖုန်း ကိုင်ခါစဆိုတော့ လက်ကိုင်ဖုန်း တကားကားနဲ့ အရှင်ဓမ္မသာမိရှေ့မှာ ပြောရင် မကောင်းမှာစိုးလို့ စိက်ပိတ်ထားခြင်းဖြစ်တယ်။ နောက်တစ်ကြောင်း စာပေလာသင်ယူ ဆည်းပူးချိန်မှာ ဒီလို လက်ကိုင်ဖုန်းနဲ့ ဟိုပြောဒီပြော ဖြစ်နေရင်လည်း အရှင်ဓမ္မသာမိ မကြိုက်မှာစိုးလို့ ဖုန်းကို ပိတ်ထားခြင်း ဖြစ်တယ်။ အမှန်ကတော့ ခေတ်မီကိရိယာဆိုတာ သုံးတတ်ရင် အသုံးအလွန်တည့်ပါတယ်။

သွားကြိုကြတဲ့ ပထမနဲ့ ဒုတိယအဖွဲ့ကတော့ ကျောင်းကို ရောက်လာကြပြီ။ လေယာဉ်ကွင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ကြောင်း လာပြောပြကြတယ်။ စောင့်ကြိုနေကြတဲ့ စာရေးသူတို့လည်း စိတ်ပူမိကြတယ်။ ဖုန်းပါသွားတဲ့ ကိုယ်တော်လည်း ဖုန်းမဖွင့်ထားဘူး ဆိုတော့ ဘယ်လိုမှ အဆက်အသွယ် မရတော့ပါဘူး။ အရှင်ဓမ္မသာမိတို့က လမ်းကြံုကနေ ဖုန်းဆက်လာမလားဆိုပြီး စောင့်နေကြတယ်။ ကြိုးဖုန်း တစ်ချက်မြည်လာကာ သွားကိုင်ကြည့်တော့ စင်္ကာပူက ဒကာတွေ အရှင်ဓမ္မသာမိ အကြောင်းမေးလာတော့တယ်။ ဒီကလည်း အရှင်ဓမ္မသာမိ ကျောင်းကို ပြန်မရောက်သေးကြောင်းသာ ပြန်ကြားလိုက်တယ်။

အရှင်ဓမ္မသာမိနဲ့ သွားကြိုတဲ့ ကိုယ်တော်နှစ်ပါးလည်း ခရီးသည်များနည်းတူ အမှောင်ရိပ်ခိုပြီး ထွက်ပြေးလာရင်း လမ်းမကြီးပေါ် ရောက်လာတယ်။ ညသန်းခေါင်ဖြစ်နေလို့ ကားအသွားအလာ တော်တော်နည်းတယ်။ ကားလာပြန်တော့လည်း တချို့ကားက ရပ်မပေးဘူး။ တချို့ကားကလည်း လူတွေ ပြည့်နေကြတယ်။ အရှင်သုံးပါး လက်ဆွဲအိတ်ငယ်တစ်လုံးဆွဲပြီး ၂ မိုင်ကျောင်လောက် လမ်းလျှောက်လာခဲ့ရတယ်။ ရေဆာပေမယ့် သောက်ရေက မရှိဖြစ်နေတယ်။ လျှောက်ရင်း နားရင်း ကားလာရင်လည်း ကားတွေကို တားကြည့်ရင်း နောက်ဆုံး ရွာတစ်ရွာနားအရောက် ကားတစ်စီးကို တားနိုင်ခဲ့တာကြောင့် အရှင်မြတ်သုံးပါးလည်း ကိုလံဘိုရှိ မကုဋာရာမကျောင်းကို သန်းခေါင်ကျော် ၃ နာရီအချိန်မှာ ရောက်လာပါတော့တယ်။

ကျောင်းဝင်းအတွင်း ကားဝင်လာသံ ကြားတာနဲ့ အားလုံးနီးပါး အပူစိတ်တွေနဲ့ ထွက်ကြည့်ကြတယ်။ ညီတော်နောင်တော်များကို မြင်တွေ့ရတဲ့အချိန် အရှင်ဓမ္မသာမိက လက်အုပ်ချီပြီး သူအန္တရာယ် ကင်းကြောင်း ပြောရှာပါတယ်။ အဲဒီအချိန်ကြမှ စာရေးသူတို့အားလုံး စိတ်ပေါ့သွားတယ်။ ကျောင်းကြီးပေါ် အားလုံးတက်ပြီး ဖြစ်ပျက်မှုအစုံကို သွန်ချနေမိတယ်။ အရှင်ဓမ္မသာမိကတော့ လက်ပန်းကျပြီး ပက်လက်လှန်အိပ်ကာ ကျန်တဲ့ ကိုယ်တော်လေးတွေက ဝတ်ဖြည့်ပေး နှိပ်ပေးနေကြတယ်။ သူ့ကို ကြည့်ရတာ တကယ်ပင်ပန်းနေတဲ့ ပုံပါ။ မကြာပါဘူး ကြိုးဖုန်းတွေ တဂွင်ဂွင်နဲ့ ဝင်လာပါတော့တယ်။ ကိုယ်တော်တစ်ပါးပါး သွားကိုင်ကြည့်တော့ စင်္ကာပူက ဆက်လာပြီး အရှင်ဓမ္မသာမိ အကြောင်းကို မေးပါတယ်။ ကိုယ်တော်လေးက အရှင်ဓမ္မသာမိ ကျောင်းကို ကောင်းမွန်စွာ ပြန်ရောက်နေပြီ ဖြစ်တဲ့အကြောင်း ပြန်ကြားပါတယ်။ ဒါပေမယ့် စင်္ကာပူဒကာတွေက မယုံလို့ အရှင်ရဲ့ အသံကို ကြားချင်တယ်ဆိုလို့ အရှင်ဓမ္မသာမိက ထလာရပြီး ဖုန်းကိုင်ကာ ပြံုးပြံုးရွှင်ရွှင်နဲ့ ပြန်ဖြေပေးလိုက်တယ် I am alive တဲ့။

လေယာဉ်ပေါ်မှာ တန်ဆာနဲ့ တင်လာတဲ့ အရှင်ဓမ္မသာမိရဲ့ အိတ် ၂ လုံးကတော့ လေယာဉ်နဲ့ အတူ ပြာကျသွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လူဘာမှ မဖြစ်တာ တော်သေးရဲ့လို့ ဆိုရပါမယ်။

အရှင်ဓမ္မသာမိနဲ့ တွေ့တိုင်း ပညာတော်သင် စာသင်သားများ အနာဂတ်အတွက် အမြဲတမ်း တိုင်ပင်ဆွေးနွေးဖြစ်ကြတယ်။ ဒီတစ်ခေါက် သူနဲ့ (၃) ရက်တွေ့ဆုံပြီး သူက အင်္ဂလန်ကို ပြန်ကြွသွားတယ်။

အမြင်နဲ့ ကြိုစားမှု

         ၂၀၀၁ ခု စာရေးသူ ကေလဏီယျ တက္ကသိုလ်မှာ အဲမ်အေဘွဲ့ရယူပြီးတဲ့နောက် မြန်မာပြည်ကို ပြန်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း လွယ်တိန်ခမ်းကျောင်းမှာ ကျောင်းထိုင်ပါတယ်။ အရှင်ဓမ္မသာမိကတော့ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ပညာရေးကို ဆက်လက်ဆည်းပူးနေတယ်။ အရှင်ရဲ့ အမြင်ကတော့ အပြည်ပြည်ကို သာသနာပြု နိုင်ဖို့အတွက် သီရိလင်္ကာကျွန်းဟာ ပထမခြေလှမ်း ချတဲ့နေရာသာဖြစ်ကြောင်း အဲဒီလို ယုံကြည်လို့ ဒုတိယခြေလှမ်းအဖြစ် အင်္ဂလန်ကို ခြေချခဲ့တယ်။ အရှင်ကာတော့ ရည်မှန်းချက်ရှိတဲ့အတိုင်း တကယ်လည်း ကြိုးစားခဲ့သူဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သာသနာ့အကြီးအကဲတွေနဲ့ တွေ့ဆုံပြီး အလေးထား အသိမှတ်ပြုကာ သူကိုယ်တိုင်လည်း မိမိရဲ့ အားနည်းချက် အားသာချက်များကို အမြဲဆန်းစစ်ခဲ့တယ်။ အရှင်ရဲ့ ဆုံးဖြတ်ချက်ကတော့ “တစ်နေ့နေ့ကျရင် သူတို့တတွေလို ငါသည်လည်း အဟုတ်ဖြစ်ရမည်” ဟု ဇွဲလုံးလကို အသုံးချကာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချခဲ့ပါတယ်။

အရှင်ဓမ္မသာမိ ပြောခဲ့တဲ့ စကားတစ်ခွန်းက ဒီလိုရှိပါတယ်။

“ဘယ်အရာမဆို အမီကောင်းရှိဖို့ လိုအပ်တယ်။ အမီကောင်းရှိမှ မိမိတို့ လုပ်ငန်းဆောင်တာတွေ ရေရည် ခရီးဆက်နိုင်ပြီး လိုရာပန်းတိုင်ကို လှမ်းနိုင်ပါမယ်။ ဥပမာ အိန္ဒိယမှာရှိတဲ့ ဂယာမြို့ဟာ သူ့အနေအထားအရ မထင်ပေါ်နိုင်ဘူး။ ဒါပေမယ့် ဗုဒ္ဓ ဆိုတဲ့ ဘုရားပွင့်တဲ့ မဟာဗောဓိကို အမီပြုပြီး (ဗုဒ္ဓဂယာ)ဆိုပြီး တွဲလိုက်တော့ ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ မြို့တစ်မြို့ ဖြစ်ခဲ့တယ်ꧦ

ပညာရေးကို အလေးထားတဲ့ အရှင်ဓမ္မသာမိလည်း ဥရောပကို ရောက်သွားတော့ ပညာရေးလောကမှာ ကမ္ဘာကျော်ဖြစ်တဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်ကို ရွေးပြီး ဒေါက်တာဘွဲ့ရအောင် ကြိုးစားခဲ့ခြင်းဖြစ်တယ်။ အရှင်ကတော့ စနစ်တကျ တကယ်ကို ကြိုးစားခဲ့လို့ ထိုတ်တန်တဲ့ ဒေါက်တာဘွဲ့ကို ရရှိသွားတယ်လို့ ဆိုရပါမယ်။

နိဂုံး

         အိပ်မပျော်သောသူအတွက် ညတာသည် အလွန်ရှည်လျား၏။

အားအင်ချိနဲ့ပြီး ခရီးသွားနေသူအတွက် တစ်ယူဇနာခရီသည် ရှည်လျား၏။

အကြောင်းအကျိုး အကောင်းအဆိုးကို မသိတဲ့ လူမိုက်အတွက် သံသရာသည် ရှည်လျား၏ လို့ ဆိုထားပါတယ်။

စာရေးသူရဲ့ ထပ်ဆင့်အမြင်ကတော့ အမျိုး ဘာသာ သာသနာအတွက် လုပ်ဆောင်နေတဲ့ ဆရာတော်အရှင် ဒေါက်တာဓမ္မသာမိလို ပုဂ္ဂိုလ်တွေအတွက် တစ်နေ့ (၂၄) နာရီသည် အချိန်နည်းလွန်း၏ ဟု ဆိုချင်ပါတယ်။

စာရေးသူရဲ့ အချစ်ခင် အလေးစားရဆုံးဖြစ်သော ဆရာတော်ဒေါက်တာ အရှင်ဓမ္မသာမိ ကျန်းမာပါစေ။ ချမ်းသာပါစေ။ သက်ရှည်ပါစေ။ လှပတဲ့ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ပါစေ။ တရားထူးကို ရရှိပါစေလို့ ဆုတောင်းလျက် . . .

တက္ကသီလ မဟာဓမ္မာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ
နယ်လှည့်ဓမ္မကထိက တောင်တန်းသာသနာပြု ဆရာတော်
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း-တန့်ယန်း)
လွယ်တိန်ခမ်းကျောင်း မူဆယ်မြို့
တရားအရှင် တရားအရှင် Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on August 22, 2016 Rating: 5

1 comment:

  1. Oxford sayardaw only sending messages from Mudra 🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈💛☸️💛🇲🇲🔔👸🏻

    ReplyDelete

Powered by Blogger.