ပဋိညာဉ် ခံယူခြင်း (ဝိပဿနာရှင်းလင်းချက်)
ပဋိညှာဉ်ခံယူခြင်း
အရှင်ဘုရား တပည့်တော်၏ ခန္ဓာငါးပါး ရုပ်နာမ်တရားကို ဘုရားအမြတ်ဆုံးရတနာ တရားအမြတ်ဆုံးရတနာ သံဃာအမြတ်ဆုံးရတနာ ဆရာသခင် ကျေးဇူးရှင်တို့းအား အဇ္စျတ္တဒါနအဖြစ် သဒ္ဓါပြဌာန်း နိဗ္ဗာန်ရည်မှန်း၍ လှူ ဒါန်းပါ၏ဘုရား။ ဘုရား တရား သံဃာ မိဘဆရာ အရိယာသူတော်ကောင်း အပေါင်းတို့အား ကာယကံ ၀စီကံ မနောကံဖြင့် မသင့်မလျော် မတော်အမှု ပြုမိခဲ့များ ပြစ်မှားမိသော် ကော်ရော်အပြစ် မေတ္တာစိတ်ထား ကရုဏာ ပွား၍ သနားကြင်နာ ခွင့်လွတ်ပါဘုရား။ တပည့်တော်အား သူတစ်ပါးက ပြစ်မှားသည်ကိုလဲ စိတ်ထဲနှလုံး ရွှင်ပြုံး ကြည်သာ ခွင့်လွှတ်ပါ၏ဘုရား။
ပစ္စုပ္ပန်ယခု အစပြုကာ တစ်နာရီတိုင်တိုင် တရားထိုင်မည် အဓိဋ္ဌာန်တည်လျက် တည်ကြည်စကား ကတိထားပြီး တရားအလုပ် နောက်မဆုတ်ဘဲ အားထုတ်ရှေ့တိုး အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်းအားထုတ်ပါမည် ဘုရား။ ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကို သဒ္ဓါယုံကြည် ၀ိရိယကဲဘိ သတိကြီးစွာ သမာဓိမြဲကာ ပညာစူးစိုက် တစ်စိုက်မှတ်မှတ် ထပ်ထပ်ခါခါ ဇွဲကြီးစွာဖြင့် ပညာစက္ခု မျှော်ထောက်ရှုသော် ဖြစ်မှုပျက်မှု နှစ်ခုနှစ်တန် ရုပ်နာမ် နှစ်ဖြာ ဤခန္ဓာသည် သင်္ခါရတရား ဖြစ်ကားပျက်ပြန် ဖြစ်ပေါ်ပြန်၏။ တစ်ဖန်ဒုက္ခ အစိုးမရဘူး ခံရခက်ခဲ မနှစ်သက်လဲ နှိပ်စက်လေစွ ဒုက္ခကြီးစွာ ထုံနာကိုက်ကျဉ် တစ်သွင်ထိုးအောင့် တစ်မှောင့်ပူလောင် ယားယောင်စပ်ဖြင်း ညောင်ညာခြင်းဖြင့် တင်းတင်းလျှော့လျှော့ ပေါ့ပေါ့လေးလေး အေးလိုက်ပူလိုက် တစ်ဖြိုက်ဖြိုက်နှင့် မောဟိုက်နွမ်းခွေ ဆင်းရဲပေ၏။ ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကို ပညာစက္ခု မျှော်ထောက်ရှုလျက် ဖြစ်ပျက်မှုအစဉ် ထိုးသွင်းမြင်သော် ဉာဏ်စဉ်အဆင့်သည် တစ်ဆင့်နှင့်တစ်ဆင့် မြင့်မြင့်တက်၍ သောတပတ္တိမဂ် သောတာပတ္တိဖိုလ် သကဒါဂါမိမဂ် သကဒါဂါမိဖိုလ် အနာဂါမိမဂ် အနာဂါမိဖိုလ် အရဟတ္တမဂ် အရဟတ္တဖိုလ် လောကုတ္တရာ မဂ်ဉာဏ်ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ဧကန်မုချ တွေ့မြင်ရအောင် ရွက်ဆောင်အထူး ကျေးဇူးပြုပါစေသတည်း။
သာဓု သာဓု သာဓု
သင့်တော်သလိုထိုင်
အဓိဋ္ဌာန် ပဋိညှာဉ်ခံယူပြီးတဲ့နောက် ယောဂီများ မိမိတို့နှစ်သက်ရာ ဣရိယာပထဖြင့် မျှတစွာထိုင်နိုင်ပါပြီ။ တင်ပလ္လင်ခွေထိုင်ပြီး တရားရှုမှတ်လိုတဲ့ယောဂီများလဲ တင်ပလ္လင်ခွေထိုင်ပြီး တရားရှုမှတ်နိုင်တယ်။ တင်ပလ္လင် ခွေထိုင်တဲ့နေရာမှာ အလေ့အကျင့်မရှိရင် ခြေထောက်နှစ်ဘက်ကို ထပ်ပြီးတော့မထားပါနဲ့၊ ခြေနှစ်ဘက်ကို ရှေ့ဆင့်နောက်ဆင့်ထားပြီးထိုင်ရင် ပိုသင့်လျှော်တယ်။ မိမိတို့သင့်တော်သလိုထိုင်ပြီး တရားရှုမှတ်လို့ရပါ တယ်။
တရားအားထုတ်ရင် ဒါနသီလဘာဝနာ အကုန်ပါ
တရားစထိုင်ပြီးဆိုတဲ့အချိန်မှာ ဦးစွာပထမ ရတနာသုံးပါးကို ဦးချကန်တော့တယ်၊ မိမိတို့ရဲ့ ခန္ဓာငါးပါးကို ဘုရားရှင်အား အဇ္ဇျတ္တဒါနအဖြစ်လှူဒါန်းတယ်။ တရားကြိုးစားအားထုတ်တဲ့အခါမှာ ဒါနလဲပါရမယ်၊ သီလလဲ တွဲရမယ်၊ ဘာဝနာလဲခွဲလို့မရဘူး။ မိမိတို့ရဲ့ခန္ဓာကိုယ်ကိုလှူဒါန်းတာဟာ အဇ္ဇျတ္တဒါန၊ တန်ဖိုးမဖြတ်နိုင် တဲ့အလှူကို မိမိတို့ကလှူဒါန်းတယ်။ ၀ိပဿနာတရားကို အားထုတ်တဲ့သူဟာ ဒါနသီလတို့ကို ပယ်လို့မရဘူး။ မိမိခန္ဓာ ကိုယ်လှူဒါန်းခြင်းအားဖြင့် ဒါနပါရမီကိုဖြည့်ဆည်းနေတာ။ သီလဆိုတာလဲ မိမိတို့အထိုက်အလျောက် ရှစ်ပါးသီလ ခံယူပြီးသားဆိုတော့ သီလလဲလုံခြုံသွားပြီ။
တောင်းပန် ခွင့်လွှတ်
ဘာဝနာတရားကို တိုးပွားအားထုတ်တဲ့အခါမှာ မိမိခန္ဓာကိုယ်ကို ရတနာသုံးပါးအား လှူဒါန်းပြီးတဲ့နောက် ရတနာသုံးပါးနဲ့ မိဘဆရာ အရိယာသူတော်ကောင်းများကို မိမိက ကာယဂံ ၀စီကံ မနောကံတို့ဖြင့် ဖြစ်မှားမိခဲ့သည်ရှိသော် အဲဒါကို မာန်လျှော့ပြီးတော့ တောင်းပန်ရတယ်။ တရားအားထုတ်တဲ့အခါမှာ မာန်မာနခံထားရင် တရားမရနိုင်ဘူး။ မိမိရဲ့အပြစ်ကို မာန်မာနလျှော့ပြီး ၀န်ချတောင်းပန်တာဟာ သူတော်ကောင်းတို့ရဲ့ စိတ်ဓာတ်ပါပဲ။ ချေသုပ်ပုဆိုး မြွေစွယ်ကြိုးကဲ့သို့ မာန်မာနကိုလျှော့ချပြီး တရားအားထုတ်မှ တရားရ နိုင်မယ်။ “မှားတာက မှားတာပဲ၊ မတောင်းပန်နိုင်ဘူး၊ မကန်တော့နိုင်ဘူးကွာ” လို့ မာန်မာနခံထားရင် တရားမရနိုင်ဘူး။ ဒါကြောင့် ရတနာသုံးပါး မိဘဆရာ အရိယာသူတော်ကောင်းတွေကို တောင်းပန်ရ တယ်။ တောင်းပန်တဲ့နေရာမှာ ပါးစပ်နဲ့တောင်းပန်ယုံနဲ့ မလုံလောက်သေးဘူး မိမိရဲ့စိတ်ထဲမှာ နှစ်နှစ်ကာကာ တောင်းပန်ဝန်ချလိုတဲ့စိတ်ရှိရမယ်။
နောက် မိမိအပေါ်ကို သူတစ်ပါးတွေက ကာယကံ ၀စီကံ မနောကံတွေနဲ့ ပြစ်မှားခဲ့တာတွေကိုလဲ မိမိက နှလုံးကြည်စွာ သည်းခံပြီးခွင့်လွှတ်ရမယ်။ ခွင့်လွှတ်ပြီး သည်းခံတယ်ဆိုတာက မေတ္တာစိတ်ထားတာ၊ ကရုဏာစိတ်ပွားတာပါပဲ။ တရားအားထုတ်တဲ့နေရာမှာ မေတ္တာ ကရုဏာမပါရင် တရားထူးရရှိဖို့အတွက် အနောက်အယှက်များဖြစ်စေတတ်တယ်။ ဒါကြောင့် ကိုယ်ကပဲသူတစ်ပါးကို ပြစ်မှားမိသည်ပဲဖြစ်စေ၊ သူတစ်ပါးက ကိုယ်ကိုပဲဖြစ်မှားခဲ့သည်ဖြစ်စေ နှစ်ဘက်လုံးကို မေတ္တာ ကရုဏာတရားရှေ့ထားပြီး ၀န်ချတောင်းပန် ခွင့်လွှတ်ရမယ်။ တောင်းပန်ဝန်ချမှ မာန်မာကိုလျှော့ကြစေမယ်၊ ခွင့်လွှတ်မှ မေတ္တာကရုဏာတရားကို ပွားများစေမှာ ဖြစ်ပါတယ်။ အရိယာ သူတော်ကောင်းတို့ လျှောက်တဲ့လမ်းစဉ်အတိုင်း ယောဂီတို့ စိတ်ထားသန့်စင်ရမယ်။ စိတ်ကို ကုသိုလ် တရားတွေနဲ့ ထုံမွမ်းစေရမယ်၊ လောဘ ဒေါသ မောဟ မာန်မာနတွေခံထားလို့မဖြစ်ဘူး။
အဓိဋ္ဌာန် ခြံစည်းရိုးခတ်
တရားအားထုတ်တဲ့အချိန်မှာ အဓိဋ္ဌာန်ဆိုတာရှိရတယ်။ ဒါကြောင့် ပဋိညာဉ်ခံယူတဲ့အထဲမှာ “ပစ္စုပ္ပန်ယခု အစပြုကာ တစ်နာရီတိုင်တိုင် တရားထိုင်မည် နှစ်နာရီတိုင်တိုင် တရားထိုင်မယ်” စသဖြင့် မိမိတို့တိုင်တည်တာ က အဓိဋ္ဌာန်ပြုတာ။ အဓိဋ္ဌာန်ဆိုတာက ခြံစည်းရိုးနဲ့တူတယ်။ ခြံစည်းရိုးဆိုတာက အနောက်အယှက်မရှိအောင် ခြံခက်ထားတာ။ ခြံစည်းရိုးမရှိတဲ့ခြံကို ကျွဲနွားတိရစ္ဆာန်တွေ လွယ်ကူစွာဝင်ရောက်ဖြတ်ဆီးနိုင်သလို တရားအား ထုတ်တဲ့ပုဂ္ဂိုလ်တွေမှာလဲ အဓိဋ္ဌာန်ဆိုတဲ့ခြံစည်းရိုးမရှိရင် ကိလေသာများ အလွယ်တကူဝင်ရောက်ဖျက်ဆီးနိုင် တယ်။ အကယ်၍ ယောဂီတို့ကများ အဓိဋ္ဌာန်မရှိဘဲ တရားစခန်းဝင်မယ် တရားအားထုတ်မယ်ဆိုရင် “ငါပျော် သလောက် တရားစခန်းဝင်မယ်၊ ငါထိုင်နိုင်သလောက်ထိုင်မယ်” ဆိုပြီး အဓိဋ္ဌာန်မရှိဘဲ တရားထိုင်ရင် အချိန် မပြည့်ခင် ရက်မစေ့ခင်မှာဘဲ ကိလေသာတွေက ၀င်ရောက်ဖျက်ဆီးပြီး တစ်ရက်နှစ်ရက်အတွင်းမှာပဲ လက် လျှော့သွားတတ်ကြတယ်။ တရားထိုင်ရှုမှတ်တဲ့အချိန်မှာလဲ ဒီအတိုင်းပဲ အဓိဋ္ဌာန်မထားဘဲနဲ့ထိုင်ရင် “ထိုင်လို့ ကောင်းရင် ဆက်ထိုင်မယ်၊ ထိုင်လို့မကောင်းရင် တရားဖြုတ်မယ်” ဆိုပြီးပေ့ါပေါ့ထားကာ ဆယ်မိနစ် ဆယ့်ငါး မိနစ်တရားထိုင်ပြီး ကိလေသာဝင်ရောက်နောက်ယှက်ကာ တရားဖြုတ်ပစ်မှာသေချာတယ်။ ဒါကြောင့် အဓိဋ္ဌာန်ပြုရတယ်။ အဓိဋ္ဌာပြုတဲ့နေရာမှာလဲ ခိုင်ခိုင်မြဲမြဲပြုရမယ် လေးလေးနက်နက်ထားရမယ်။ “စတ္တာရိ ၀ိရိယင်္ကာနိ စ တဿ တဿ နဟာရုနော” ဆိုတဲ့အတိုင်းပေါ့။ အဓိဋ္ဌာန်ဆိုတာက မြင့်မြင့်ထားရတယ်။ “ခေါင်း လောက်တင်မှ ရင်လောက်ကျ” ဆိုတဲ့အတိုင်းပေါ့။ အဓိဋ္ဌာန်ကို လျော့လျော့ထားရင် သူကပိုပြီးတော့ ပျော့ သွားမယ်။ ဒါကြောင့် “ပစ္စုပ္ပန်ယခု အစပြုကာ တစ်နာရီတိုင်တိုင် တရားထိုင်မည် အဓိဋ္ဌာန် တည်လျက် တည်ကြည်စကား ကတိထားပြီး တရားအလုပ် နောက်မဆုတ်ဘဲ အားထုတ်ရှေ့တိုး အရိုးကြေကြေ အရည်ခမ်းခမ်း ကြိုးပမ်းအားထုတ်ပါမည်ဘုရား” လို့ အဓိဋ္ဌာပြုတာပဲဖြစ်တယ်။ အရိုးကြေကြေ အရည်ခမ်းခမ်း ဆိုတာ မိမိတို့ အဓိဋ္ဌာန်ထားတာပဲ။ တကယ်တမ်း တရားအားထုတ်ရင် အရိုးကြေစရာအကြောင်းလဲမရှိဘူး၊ အရည်ခမ်းစရာ အကြောင်းလဲမရှိဘူး။ အဓိဋ္ဌာန်ကိုမြင့်မြင့်ထားပြီး မိမိစိတ်ဓာတ်ကိုအားပေးတာ၊ အားဖြည့် ပေးတာ။ အချိန်ပိုင်းပဲ တရားအားထုတ်ထုတ် ရက်ရှည်ကဲတရားစခန်းဝင်ဝင် လေးလေးနက်နက် အဓိဋ္ဌာန်ထားပြီး အားထုတ်မယ် ဆိုရင် ပိုပြီးတော့ မွန်မြတ်တယ်၊ ခရီးရောက်တယ်။
ရုပ်နာမ်ခွဲ
“ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကို သဒ္ဓါယုံကြည် ၀ီရိယကဲဘိ သတိကြီးစွာ သမာဓိမြဲကာ ပညာစူးစိုက် တစိုက် မှတ်မှတ် ထပ်ထပ်ခါခါ ဇွဲကြီးစွာဖြင့် ပညာစက္ခု မျှော်ထောက်ရှုတော် ဖြစ်မှုပြတ်မှု နှစ်ခုနှစ်တန် ရုပ်နာမ် နှစ်ဖြာ ဤခန္ဓာသည် သင်္ခါရတရား ဖြစ်ကားပျက်ပြန် ဖြစ်ပေါ်ပြန်၏” လို့ဆိုထားတယ်။ တရားအလုပ်အားထုတ် တဲ့နေရာမှာ ဦးစွာပထမ ရုပ်နဲ့နာမ်ကို ခွဲရမယ်။ နာမရူပ ပရိစ္ဆေဒဉာဏ်ရှိရမယ်။ ဘာကြောင့် နာမ်ရုပ်ခွဲခိုင်းတာ လဲဆိုတာက ဒီဝိပဿနာလမ်းစဉ်လိုက်တဲ့အချိန် နိဗ္ဗာန်စခန်းတက်လှမ်းတဲ့အချိန်မှာ ငါသူတစ်ပါး ယောက်ျား မိန်းမဆိုတဲ့ ပညတ်သဘောနဲ့သွားလို့မရဘူး။ ပရမတ်လမ်းကြောင်းကိုရောက်မှ နိဗ္ဗာန်ကိုရောက်မယ်။ ငါသူတစ် ယောက်ျားမိန်းမ အင်္ဂါချေလက်စသည်တို့ကို ပြောဆိုတာက ပညတ်သဘောတရားတွေပဲဖြစ်တယ်။ ဝိပဿ နာတရားအားထုတ်တဲ့အခါမှာ ဒီပညတ်ကိုခွါရမယ်။ ပညတ်ကိုခွါတဲ့နေရာမှာလဲ ပရမတ်ကိုသိမှာ ခွါလို့ရမယ်။
ပရမတ်သဘောက လေးပါးရှိတယ်။ “စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ သဗ္ဗတ္တာ” လို့ဆိုထားတယ်။ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ဒီသဘောတရားလေးခုက ပရမတ္ထသဘေားတရားတွေ။ တရားအားထုတ်တဲ့ ယောဂီများက ဒီပရမတ်သဘောတရားထဲကို ၀င်သွားရမယ်။ ငါသူတစ်ပါး ယောက်ျားမိန်းမ မဟုတ်ဘူးဆို တော့ စိတ် စေတသိတ် ရုပ်ဆိုတဲ့ ပရမတ္ထတရားသုံးပါးပဲ ကျန်တော့တယ်။ နိဗ္ဗာန်ကတော့ မိမိတို့မရောက် သေးတဲ့အတွက်ကြောင့် ခေတ္တခဏ ဘေးဖယ်ထားလိုက်မယ်။ စေတသိတ်ဆိုတာက “ဧကုပ္ပါတာ နိရောဓာစ ဧကာရမ္ပဏ ၀တ္ထုကာ” ဆိုတဲ့အတိုင်း စိတ်နဲ့အတူဖြစ်တယ်၊ စိတ်နဲ့အတူချုပ်တယ်၊ စိတ်နဲ့တွဲပြီးယှဉ်ပြီးဖြစ်တဲ့ သဘောတရားပဲဖြစ်တယ်။ စိတ်ဆိုတဲ့သဘောက သိတဲ့သဘောပဲ။ ပရမတ္ထတရားလေးပါးထဲမှာ စိတ် စေတ သိတ်ကို တစ်ခုထဲပြုလိုက်၊ ဒါကို နာမ နာမ်ဆိုတဲ့သဘောတရားထားလိုက်။ နောက်ပြီး ရူပံ ဆိုတဲ့ ရုပ်နဲ့ဆိုရင် နှစ်ခုပဲကျန်တော့တယ်။ ပရမတ္ထတရားလေးပါးထဲမှာ နာမ်နဲ့ရုပ်ကို သိရမယ်။ ရုပ်ဆိုတဲ့သဘောတရားက ရူပက္ခန္ဓာပေါ့။ သူ့ရဲ့လက္ခဏာက “ရုပ္ပတီတိ ရူပံ” ဆိုတဲ့အတိုင်း ဖောက်ပြန် ပြောင်းလဲ မတည်မြဲတဲ့ သဘော တရားပဲဖြစ်ပါတယ်။
တရားဆိုတာက အကောင်းအထည်ဒြပ်မဟုတ်ဘူး၊ “နိသတ္တ နိဇ္ဇီဝ သဘာဝါ ဓမ္မာ” လို့ ဆိုထားတယ်။ သတ္တလဲ မဟုတ်ဘူး ဇီဝလဲမဟုတ်ဘူး၊ အထည်ကိုယ်အကောင်လဲမဟုတ်ဘူး အသတ်ဝိညာဉ် လဲမဟုတ်ဘူး၊ သူက သဘာဝ ဓမ္မာ သဘောတရားတွေပဲဖြစ်တယ်။
ရုပ်ရဲ့ ဖြစ်ပျက်မှု
ဖောက်ပြန်ပြောင်းလဲ မတည်မြဲတဲ့ သဘောတရားဟာ ရုပ်ဆိုတော့ ဒီရုပ်ဟာ ဘယ်လိုပြောင်းလဲဖောက်ပြန် နေတာလဲ? အဲဒါကို ယောဂီတို့ ခန္ဓာ ကိုယ်ထဲကို စူးစိုက်ကြည့်၊ ချေဖဝါးမှာပဲဖြစ်ဖြစ် လက်ဖဝါးမှာပဲဖြစ်ဖြစ် ငယ်ထိပ်မှာပဲဖြစ်ဖြစ်၊ မိမိတို့ရဲ့ ခန္ဓာကိုယ်အရည်ပြားတစ်နေရာမှာပဲဖြစ်ဖြစ် အာရုံစိုက်ကြည့်လိုက်ရင် တရှိန်ရှိန် တစ်လုပ်လုပ် တစ်တုတ်တုတ် တရွရွ တဖြင်းဖြင်း တမြင်းမြင်း တသဲသဲ တရှဲရှဲ တကြဉ်ကြဉ် တမြေ့မြေ့ စသဖြင့် ဖြစ်နေတာက ရုပ်တရားရဲ့ ဖောက်ပြန်ပြောင်းလဲတတ်တဲ့ သဘောတရားတွေပဲ။ ယောဂီတို့ရဲ့ ချေဖဝါးကို အာယုံပြုပြီး ရှုကြည့်ပါ၊ ချေဖ ၀ါးမှာ တစ်ဖြင်းဖြင်း တရွရွ သဲပွင့်လေးတွေလို ခုန်ဆွခုန်ဆွ ဖြစ်နေတဲ့ ပုံစံလေး ပွက်နေတဲ့ရေပုံစံလေး အဲဒီသ ဘောတရားတွေက ရုပ်တရားရဲ့ မတည်မြဲတဲ့သဘော။
နာမ်ရဲ့ ဖြစ်ပျက်မှု
နာမ်ဆိုတဲ့ သဘောက “ဝေဒနက္ခန္ဓာ” ခံစားတတ်တဲ့ သဘော၊ ကောင်းတာ ဆိုးတာ နာတာ ထုံတာ တွေကို နာမ်ကသိတာ။ နောက် နာမ်ရဲ့သဘောတရားတစ်ခုက “သညာက္ခန္ဓာ” မှတ်သားတတ်တဲ့သဘော။ စိတ်ရဲ့ သဘောလက္ခဏာက ခံစားတတ်ရုံမဟုတ်ဘူး၊ သူက မှတ်သားတတ်တယ်။ ဒါက ကြဉ်နေတာ၊ ထုံနေတာ၊ ယားနေတာ၊ ဒါလေးက တစစ်စစ် ဖြစ်နေတဲ့သဘောတရားလေး၊ ဒါတွေကိုမှတ်ထားတာက သညာက္ခန္ဓာ ရဲ့သဘောတရား။ နောက်နာမ်ရဲ့သဘောတရားတစ်ခုက “သင်္ခါရက္ခန္ဓာ” ၊ တိုက်တွန်းတာ နှိုးဆော်တာ မဖြစ် ဖြစ်အောင် စေခိုင်းတာ။ နာမ်ဆိုတဲ့ စိတ်ရဲ့သဘောက တိုက်တွန်း တတ်တာ “မင်းနာနေပြီ မ.ပေးလိုက်၊ ယားနေပြီ ကုတ်ပေးလိုက်” ဒီတိုက်တွန်းတတ်တဲ့ သဘောတရားက စိတ်ရဲ့သဏ္ဌာန်မှာ ထင်းရှားဖြစ်တယ်၊ ဒါကို သင်္ခါရက္ခန္ဓာလို့ခေါ်တယ်။ နာမ်ရဲ့ သဘောတရားနောက်တစ်ခု “၀ိညာဏက္ခန္ဓာ” သိတဲ့သဘောတရား၊ ပိုင်းဖြတ်တတ်တဲ့သဘောတရား။ အကောင်းအဆိုး အမှားအမှန် လက္ခဏာရေးသုံးပါးကို သိနိုင်စွမ်းရှိလို့ ၀ိညာဏက္ခန္ဓ္ဓာလို့ခေါ်တယ်။
ဒွန်တွဲတဲ့ ရုပ်နာမ်
တရားအလုပ်အားထုတ်တဲ့နေရာမှာ ရုပ်နာမ်ခွဲရမယ်ဆိုတာ ယောဂီတို့က သူ့ရဲ့သဘောတရားလေးတွေကို သိရမယ်။ ရုပ်နဲ့နာမ်က ဒွန်တွဲပြီးဖြစ်နေ တဲ့အတွက်ကြောင့် ဒီနှစ်ခုကို ခွဲလို့မရဘူး။ အဘိဓမ္မာသဘောအရ ပြောရင် ဒီရုပ်နဲ့နာမ်ဟာ အဝိနိဗ္ဘောဂရုပ်လို့ ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ခွဲလို့မရတဲ့သဘောတရား။ တရား ရှုမှတ်တဲ့နေရာမှာ ရုပ်ကိုရှုမှတ်ရင်လဲ နာမ်က ပါသွားတာပဲ။ နာမ်ကိုရှုရင်လဲ ရုပ်ကလဲအလိုလိုအကျွမ်းဝင် ပြီးသားဖြစ်သွားတယ်။ ဒါကို ခွဲလို့မရတဲ့သဘော လို့ ယောဂီတို့နားလည်ထားရမယ်။
ငါမဟုတ်ဘဲ ပျက်စီးပြောင်းလဲနေတဲ့သဘော
ချေဖဝါးဆိုတဲ့ ရုပ်တရားကိုရှုတဲ့နေရာမှာ ငါ့ချေဖဝါးလို့သဘောမထားရဘူး၊ ခန္ဓာကိုယ်ရဲ့အောက်ပိုင်းရုပ်တရား ကိုရှုတယ်လို့ သဘောထားရမယ်။ ချေဖဝါးမှာကြဉ်နေတဲ့သဘောတရားလေး၊ တစ်ဖြင်းဖြင်း တစ်မြှင်းမြှင်း တရွရွဖြစ်နေတဲ့သဘောလေးတွေက နားလည်အောင် ပညတ်သဘောနဲ့ ပြောပြနေတာ။ တကယ်တမ်းတရား ရှုတဲ့အချိန်မှာ ဒီကြဉ်နေတဲ့သဘော၊ ထုံနေတဲ့သဘော၊ တစ်မြှင်းမြှင်း တရွရွ ဖြစ်နေတဲ့သဘောတွေက ရုပ္ပတီတိ ပျက်စီးနေကြတာ၊ မတည်မြဲနေတာ၊ ပြောင်းလဲနေတာ။ လက္ခဏာရေး နဲ့ပြောရင် အနိစ္စသဘော ဖြစ်နေတာ။ ဒါကြောင့် ရုပ်ကိုရှုတဲ့နေရာမှာ ငါ့ချေထောက်လို့မမြင်ဘဲနဲ့၊ ကျဉ်တယ် ထုံတယ် နာတယ်လို့ သဘောမထားဘဲနဲ့ ပျက်ဆီးပြောင်းလဲနေကြတာလို့ သဘောထားရမယ်။
ဗိုလ်ငါးပါး
၀ိပဿနာတရားအားထုတ်တဲ့နေရာမှာ နံပါတ်တစ် ယုံကြည်မှုသဒ္ဓါတရားရှိရမယ်။ နံပါတ်နှစ် ခွန်အားစိုက် ထုတ်မှုကြိုးပမ်းမှုဆိုတဲ့ ၀ီရိယရှိတယ်။ သတိကြီးစွာလို့ ဆိုတဲ့အတိုင်းသတိရှိရမယ်။ ထိုင်နေတဲ့အချိန်မှာ ဘယ် နေရာက နာတယ်၊ ထုံတယ်၊ ကြဉ်တယ်စသည်တို့ကို သတိထားပြီးကြည့်နေရမယ်။ “သမာဓိမြဲကာ” လို့ ဆိုတဲ့ အတိုင်းလဲ သမာဓိရှိပြီး စိတ်တည်ငြိမ်ရမယ်။ စိတ်တည်ငြိမ်ဖို့အတွက် ထွက်သတ်ဝင်သတ်လေကိုပဲရှုရှု ဖြစ် ပေါ်နေတဲ့ဝေဒနာမှာ ကပ်ပြီးပဲထားထား ဖောင်းတယ်ပိန်တယ်လို့ပဲမှတ်မှတ် စိတ်ကိုငြိမ်အောင် သမာဓိရှိ အောင်ထားရမယ်။ သမာဓိဆိုပေမယ့်လဲ သမ္မာသမာဓိမှရမှာ၊ ဘာကြောင့်လဲဆိုတော့ မိစ္ဆာသမာဓိလဲရှိတယ် လေ။ မကောင်းတာတွေကိုတွေးပြီး ငြိမ်သတ်နေတာဟာ မိစ္ဆာသမာဓိပဲ။ ဒီသမာဓိမျိုးက ၀ိပဿနာ နဲ့မဆီ လျှော်ဘူး။ ဒါကြောင့် သမ္မာသမာဓိဆိုတဲ့ ကောင်းမွန်တဲ့သမာဓိ အပြစ်မရှိတဲ့သမာဓိမျိုးလိုအပ်တယ်။ နောက် တစ်ချက်က “ပညာစူးစိုက်” ဆိုတဲ့အတိုင်း ဉာဏ်ပညာလဲစူးစိုက်ရမယ်။
သတိနဲ့ ညီအောင်လုပ်
သဒ္ဓါ၊ ၀ိရိယ၊ သတိ၊ သမာဓိ ပညာဆို တဲ့ငါးပါးကို ဗိုလ်ငါးပါးဗလငါးတန်လို့ခေါ်တယ်။ ဒီဗိုလ်ငါးပါးကို သတိ တရားနဲ့ထိန်းရမှာ။ ဘယ်လိုထိန်းရမှာလဲ ဆိုတော့ သဒ္ဓါတရားပိုနေရင်လဲမရဘူး၊ ၀ိရိယကဲနေရင်လဲမရဘူး၊ ပညာလွန်ကဲနေရင်လဲမရဘူး၊ ဒါတွေကိုညီအောင် ယောဂီတိုု့က သတိဆိုတဲ့တရားနဲ့ထိန်းရမယ်။ တစ်ခါ တစ်လေ သမာဓိကပိုနေပြီး ၀ိရိယကလျှော့နေရင် သမာဓိကလွန်ကဲပြီး အိပ်ငိုက်သွားတတ်တယ်။ အဲဒီတော့ ငါ့မှာသမာဓိလွန်နေပြီလို့ ချက်ချင်းသတိပြန်ထားရမယ်။ သတိကတော့ ပိုတယ်လို့မရှိဘူး။ တစ်ခါတစ်လေ ကြတော့ ၀ိရိယလွန်တတ်တယ်။ ၀ီရိယလွန်နေရင် ဗျာ များပြီး ဒါလဲမပေါ်ဘူး ဟိုဟာလဲမပေါ်ဘူးဆိုပြီး ကြောင့်ကြနေတော့တာ။ ဒါကြောင့် ၀ီရိယလဲမလွန်စေနဲ့၊ သမာဓိနဲ့ပြန်ပြီးငြိှပေးရမယ်။ တစ်ခါတစ်ကြတော့လဲ သဒ္ဓါတရားလွန်တတ်တယ်။ တရားအားထုတ်တဲ့ယောဂီများ တစ်ခါတစ်လေ သဒ္ဓါတရားလွန်လို့ စိတ်က “အော် ငါဒီအားထုတ့်တရားလေးကို မိဘဆွေမျိုးသားသမီးတွေကို မျှဝေချင်လိုက်တာ၊ သူတို့ကို အားထုတ်စေချင်လိုက်တာ” လို့ သဒ္ဓါတရားလွန်သွားတတ်တယ်။ အဲဒီလွန်သွားရင် သတိတရားလေးပြန် ကပ်ပြီး “အော်ဒါဘာမှမဟုတ်သေးဘူး ပြည့်ဝအောင်ကြိုးစားရဦးမယ်၊ လျှောက်တွေး နေလို့မဖြစ်ဘူး”လို့ သတိလေးနဲ့ ချင့်ချင့်ချိန်ချိန်လေးဖြစ်အောင် ပြန်ထားရမယ်။ တစ်ခါတစ်လေလဲ ပညာက လွန်တယ်။ ပညာလွန်တော့ မျှော်ကိုးစိတ်တွေများလာတယ်။ ငါတရားထိုင်လို့ ဒီလိုဖြစ်လာရင်၊ နောက်တစ်ခါ ဒီလိုဆက်ဖြစ်လာမယ်၊ ဟိုလိုဆက်ဖြစ်လာမယ်လို့ ကြိုပြီးတွက်ထားတတ်လာမယ်။ ဒီလိုပညာလွန်နေရင် တရားကမလာဘူး။ ဒါကြောင့် တရားအားထုတ်တဲ့နေရာမှာ မမျှော်ရဘူး။ မျှော်နေလို့လောဘဇောက ရှေ့ ရောက်နေရင် တရားကမတတ်ဘူး။ ပစ္စုပ္ပန်မှာ ပေါ်လာတဲ့တရားကိုပဲ ယောဂီတို့က ရှုမှတ်ရမယ်။ တရားရဲ့ သဘောကို “သဗ္ဗေ ဓမ္မာ အနတ္တာ” လို့ဆိုထားတယ်။ ဒါကြောင့်တရားဟာ ကိုယ့်သဘောအတိုင်းမဖြစ်နိုင်ဘူး။ ယောဂီတို့က တရားသဘောအတိုင်းလိုက်ပြီး ပစ္စုပ္ပန်တည့်တည့်ကိုပဲရှုရမယ်။ ပစ္စုပ္ပန်မှာ ဘာတွေပဲဖြစ်နေ ဖြစ်နေ ယောဂီတို့က သတိတရားနဲ့ရှုနေရမယ်။ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ဟာလေးကိုပဲ တင်းတိမ်ရောင့်ရဲပြီးနေရမှာ။
ဖြစ်ပျက်မြင်မှ ဝိပဿနာ
၀ိပဿနာရှုတဲ့နေရာမှာ “ပညာစူးစိုက် တစ်စိုက်မှတ်မှတ် ထပ်ထပ်ခါခါ ” ဆိုတဲ့အတိုင်း ဘာကိုပဲရှုရှု ထပ် ထပ်ခါခါ ရှုရမှာ။ ဝေဒနာကိုပဲရှုရှု အာနာပါနကိုပဲရှုရှု ဘာဝိတာ ဗာဟုလီကတာဆိုတဲ့အိုင်း ထပ်ထပ်ခါခါ ရှုရ မယ်။ နောက် “ဇွဲကြီးစွာဖြင့်” လို့ဆိုတဲ့အတိုင်းလဲပဲ ဇွဲရှိရမယ်။ “ပညာစက္ခု မျှော်ထောက်ရှုသော်” ဆိုသလို ဉာဏ်ပညာစက္ခုနဲ့ မျှော်ထောက်ရှုရင် ခန္ဓာကိုယ်မှာ ဖြစ်ပြတ်နေတဲ့သဘောလေးကိုမြင်နိုင်မယ်။
“ဖြစ်မှုပြတ်မှု နှစ်ခုနှစ်တန် ရုပ်နာမ်နှစ်ဖြာ” တဲ့ ဒီရုပ်နာမ်နှစ်ဖြာက ဘာပဲရှိမှာတုန်းဆိုတော့ ဖြစ်မှုရယ် ပြတ်မှုရယ် နှစ်ခုပဲရှိတာ။ ရုပ်တရားရဲ့ဖောက်ပြန်ပျက်စီးမှုကို သူ့ရဲ့ဖောက်ပြန်ပျက်စီမှုတို့ရဲ့ ဒဏ်ချက်ကြောင့် ချေဖဝါးမှာ ရုပ်တရားတွေပျက်စီးနေတယ်။ တဖြင်းဖြင်း တမွမွ တရွရွ ဖြစ်နေတယ်၊ သူ့ဘာသာသူ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သ ဘောတွေဖြစ်နေတယ်။ မိမိတို့ရဲ့လက်က ဓါးရှတယ်ဆိုရင် လက်ကပျက်စီးသွားတာ။ အနာကကြီးလွန်ရင် သွေးတွေပန်းထွက်မယ်၊ ဒဏ်ရာဒဏ်ချက်ကြီး ဓါးရှရာကြီး ထင်သွားမယ်။ ဒါပေမယ့် တရားရဲ့သဘောက “ခဏိ က အနိစ္စ၊ ခဏိက မရဏ” လို့ဆိုတဲ့အတိုင်း ဓါးရှသလို သွေးမထွက်ဘူး အမှာရွတ်မကျန်ဘူး။ သို့သော် ပျက်နေတဲ့သဘောတရားလေး ဝေဒနာအသေးစားလေးတွေ ပေါ်လာတယ်။ တဖြင်းဖြင်း တမွမွ တရွရွ ထိုးလိုက် ကြဉ်လိုက် အောင့်လိုက်ဖြစ်နေတာတွေက ပျက်စီးပြောင်းလဲမှုရဲ့ ဒဏ်ရာဒဏ်ချက် ဝေဒနာအသေးစားလေး တွေပဲ။
နာမ်တရားလဲ ပျက်စီးနေတယ်
ဒီသဘောတွေကိုသိတာက “သညက္ခန္ဓာ”၊ သညာဆိုတဲ့သဘောကသိတာ။ ဝေဒနက္ခန္ဓာက ခံစားပြီး၊ သညက္ခန္ဓာ မှတ်သားပေးတယ်။ သင်္ခါရက္ခန္ဓာက သိအောင်တိုက်တွန်းပေးပြီး၊ ၀ိညာဏက္ခန္ဓာက ဖြစ်ပျက်နေ တာတွေကိုသိပေးတာ။ သညာသဘောလဲ မှတ်ရင်းမှတ်ရင်းနဲ့ တစ်ခုပြီးတော့တစ်ခု ပြောက်ပြောက်သွားတယ် အသစ်တွေထပ်ဖြစ်လာတယ်။ ဝေဒနာသဘောလဲ တစ်ခုပြီးတော့တစ်ခု ဖြစ်ပျက်သွားတယ်။ သင်္ခါရတိုက်တွန်း တတ်တဲ့သဘောလဲ ဒီအတိုင်းပဲ။ တစ်ခါတစ်လေ စိတ်ထဲမှာ ဒီကျဉ်တာတွေကို ရှုချင်တယ် မရှုချင်ဘူးဆိုတာ တွေကို ဒီသင်္ခါရကတိုက်တွန်းပေးတာ။ ဝေဒနာသဘောလေးက တိုးလိုက်လျှော့လိုက်၊ ဖြစ်ပျက်တဲ့သဘောက များလိုက်လျှော့သွားလိုက် စသည်တို့ကိုပိုင်းဖြတ်ပြီး မမြဲပါလားလို့သိတဲ့တာက ၀ိညာဏက္ခန္ဓာ။
တစ်ချိုု့က ဘယ်လိုထင်တတ်လဲဆိုတော့ ရုပ်တရားကသာပျက်စီးတာ၊ နာမ်တရားကမြဲနေတယ် လို့ထင်တတ် တယ်။ အဲဒါက သဿတဒိဋ္ဌိအနေနဲ့မှားနေတာ။ ရုပ်လဲမမြဲဘူး၊ နာမ်လဲမမြဲဘူး။ အခု ဘုန်းကြီးတရား ပြောနေတာ၊ စစဆုံး ကြားတဲ့ “အရှင်ဘုရား” ဆိုတဲ့အသံလေး အခုကမကြားတော့ဘူး၊ ဒါကြောင့် အဲဒီကြားသိစိတ်လေးကလဲ ပြောက်သွားတာကြာလှပြီ။ အခုဆက်တိုက်ပြောနေတဲ့ စကားလုံးတွေကို ကြားသိနေတဲ့ ၀ိညာဏက္ခန္ဓာ သဘောတရားလေးက အသံပျက်စီးပြောင်းလဲနေသည်နဲ့အမျှ သူ့ရဲ့အသိဉာဏ်လဲ ပျက်စီးပြောင်းလဲသွားတယ်။ နာမ်တ ရားလဲမမြဲဘူးဆိုတာကို မှတ်ထားဖို့အရေးကြီးတယ်။
သင်္ခါရဆိုတာ
“ဤခန္ဓာသည် သင်္ခါရတရား ဖြစ်ကားပျက်ပြန် ဖြစ်ပေါ်ပြန်၏” လို့ဆိုထားတယ်။ ဒီရုပ်နာမ်ဆိုတဲ့ သင်္ခါရတရား က ကံ စိတ် ဥတု အဟာရ တည်းဟူသော အကြောင်း တရားလေးပါးတို့သည် ပြုပြင်စီရင်အပ်သောကြောင့် သင်္ခါရလို့ခေါ်တယ်။ ဒါကြောင့် သင်္ခါရဆိုတာ ဒီခန္ဓာကိုယ် ကြီးကိုပြောတာ။ ဒီခန္ဓာကိုယ်ကို ကံကပြုပြင်တယ်၊ စိတ်ကလဲသူ့ကိုပြုပြင်တယ်၊ ဥတု နဲ့ အဟာရတို့က လဲသူ့ကိုပြုပြင်တယ်။ ဒါတွေကိုသင်္ခါရတရားလို့ခေါ်တာ။ ကိုယ့်ရဲ့ကံကြောင့်လဲ ခန္ဓာကိုဖြစ်လာတာ၊ ရောဂါတွေ ဖြစ်လာတာ၊ ကံစီမံလို့ ဒီရုပ်နာမ်ကြီးကိုရလာတာ။ စိတ် ရဲ့ စံမံမှုကြောင့် သူ့ခံရတယ်။ တစ်ခါတစ်လေ စိတ်ကဒီခန္ဓာကိုယ်ကြီးကိုခိုင်းတယ်၊ စိတ်ညစ်တယ်ဆိုရင် ဒီခန္ဓာ ကိုယ်ကြီးက စိတ်ညစ်တဲ့သဏ္ဍာန်ပေါ်ပေါက်သွားတာ။ စိတ်ရွှင်လန်းလဲ ခန္ဓာကိုယ်ကြီးလဲရွှင်လန်းတဲ့ပုံတွေ ပေါ်လာတာ။ ဒါကြောင့် စိတ်ကလဲ ခန္ဓာကိုယ်ကိုပြုပြင်တယ်။ နောက်ပြီး ဥတုလဲ ခန္ဓာကိုယ်ကိုပြုပြင်တယ်။ မနက်တုန်းက အေးတဲ့ခန္ဓာကိုယ်ဖြစ်တယ်၊ အနွေးထည်တွေအထပ်ထပ်ဝတ်တယ်။ ဥတုပြုပြင်တော့ နေ့လည် ပိုင်းမှာ ရုပ်သဏ္ဍာန်ကပူအိုက်လာတယ်၊ ချွေးတွေထွက်လာတယ်၊ မျက်နာလဲနီရဲလာတယ် စသဖြင့် ဥတုရဲ့စီမံ မှုကြောင့် ပြောင်းလဲနေတာ။ နောက်တော့ အဟာရ၊ ဒါကတော့ရှင်းပါတယ်။ အချဉ်စားရင် ချဉ်တဲ့ရုပ်ပေါက်လာ တယ်၊ အစပ်စားရင် စပ်တဲ့ရုပ်ပေါက်လာတယ်။ ဒါကြောင့် ရုပ်နာမ်သဘောတရားက အမြဲတမ်း ဖြစ်ပျက် ပြောင်းလဲနေတာ။
အနိစ္စသဘော (ခဏိကအနိစ္စ = အသေးစား ဖြစ်ပျက်)
ခဏိကအနိစ္စ ခဏိကမရဏအနေနဲ့ မျက်စိတစ်မိတ် လက်ပစ်တစ်ခက်အတွင်းမှာ ကုဋေ ပေါင်းငါးထောင့်ရှစ်ရာရှစ်ဆယ်ကျော် ပျက်သွားတယ်။ ဒါဟာ ရုပ်တရားရဲ့ လျင်မြန်စွာဖြစ်ပေါ်ပြောင်းလဲနေ တဲ့သဘော။ နာမ်တရားက တစ်စက်ကန့်မှာ ကုဋေပေါင်းတစ်သိန်းကျော် ဖြစ်ပေါ်ပျက်စီးသွားတယ်။ ကုဋေ ပေါင်းများစွာ ဖြစ်ပေါ်ပြောင်းလဲပျက်စီးတာကို ယောဂီတို့က အဲဒီလောက်ထိမမြင်နိုင်ဘူး၊ ဘုရားမှသာလျင် ပိုင်းခြားရေတွက်နိုင်မှာ။ အခုယောဂီတို့ရဲ့ ခြေဖဝါးကိုကြည့်ချင်းအားဖြင့် ခြေဖဝါးမှာ ကြဉ်နေတဲ့သဘောလေး တွေ အပ်ဖျားလောက်ပဲ ကြဉ်နေတဲ့သဘောတရားလေးတွေဟာ ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်ပျက်မှု သ ဘောတရားလေးတွေပါပဲ။ မရေမတွတ်နိုင်အောင် များပြားလှတယ်။ ဒါကြောင့် ဒီခဏိကအနိစ္စ ခဏိကမရဏ ကိုနားလည်ဖို့ ခြေဖဝါးကပဲရှုရှု ငယ်ထိပ်မှာပဲရှုရှု လက်ဖဝါးမှာပဲရှုရှု မွမွလေးတွေ ရွရွလေးတွေက ရုပ်တရား ရဲ့ဖြစ်ပျက်ပြောင်းလဲမှု မတည်မြဲမှုတွေကိုမြင်ပြီး ဖြစ်ပျက်ဉာဏ်ရအောင်ကြိုးစားရမယ်။
ဒုက္ခသဘောနဲ့ အနတ္တသဘော
“တစ်ဖန်ဒုက္ခ အစိုးမရဘူး ခံရခက်ခဲ မနှစ် သက်လဲ နှိပ်စက်လေစွ ဒုက္ခကြီးစွာ ထုံနာကိုက်ကျဉ် တစ်ထွေထိုး အောင့် တစ်မောင့်ပူလောင် ယားယောင်စပ်ဖြင်း ညောင်းညာခြင်းဖြင့် တင်းတင်းလျှော့လျှော့ ပေါ့ပေါ့လေးလေး အေးလိုက်ပူလိုက် တစ်ဖြိုက်ဖြိုက်နှင့် မောဟိုက်နွမ်းခွေ ဆင်းရဲပေ၏” လို့ ပဋိညှဉ်မှာဆိုထားတယ်။ ရုပ်နာမ်သ ဘောတရား ဝေဒနာသဘောတရားရဲ့ ဒုက္ခလက္ခဏာနဲ့ အနတ္တလက္ခဏာကိုဖော်ပြထားတာ။ ဒုက္ခဝေဒနာပေါ် လာပြီဆိုရင် ခက်ခက်ခဲခဲခံရတယ်။ ထုံတာ ကြဉ်တာ နာတာတွေဟာဆင်းရဲခြင်းရဲ့ ဒုက္ခလက္ခဏာတွေပဲ။
ခန္ဓာ ကိုယ်ထဲမှာ မျိုးစုံပေါ်လာတယ်၊ တစ်သွင်ထိုးအောင့်ဆိုသလို တစ်ခါတစ်လေ ဟိုနားထိုးလိုက် ဒီနားထိုး လိုက်နဲ့ အောင့်အောင့်လာတယ်၊ ဒါတွေဟာလဲ ဒုက္ခရဲ့လက္ခဏာပဲ။ နောက်တစ်နည်းအားဖြင့် မမျှော်လင့်ဘဲ နဲ့လဲ ဖြစ်ပေါ်လာတယ်။ ဒါဟာ အနတ္တရဲ့လက္ခဏာတွေ။ “တစ်မှောင့်ပူလောင် ယားရောင်စပ်ဖြင်း” ဆိုတာက တစ်ခါတစ်လေ ယားချိချိလေးတွေ မျက်နှာပြင်ပေါ်မှာ နောက်ကြောတွေမှာ ဒါမှမဟုတ်ကိုယ်တစ်ပြင်လုံးယား တာတွေဖြစ်ပေါ်တတ်တယ်။ ဒါတွေက ဝေဒနာရဲ့သဘောတရား။ အနိစ္စလက္ခဏာကိုလဲဆောင်တယ်၊ ဒုက္ခ လက္ခဏကိုလဲဆောင်တယ်၊ နောက်အနတ္တလက္ခဏာကိုလဲဆောင်တယ်။ ယားတာကို မယားနဲ့လို့ပြောလို့ မရဘူး။ အဲဒါအနတ္တသဘော။
အနိစ္စ၊ဒုက္ခ၊အနတ္တ ခွဲထားလို့မရ
ယားတဲ့ဒဏ်ရာဒဏ်ချက်က ခံရခက်တယ်၊ အဲဒါဒုက္ခသဘော။ ယားတာလေးက ဖြစ်လာတယ် နောက်တော့ပြောင်းသွားတယ်၊ ဒါကအနိစ္စသဘော။ ဒါကြောင့် အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့လက္ခ ဏာရေးသုံးပါးကို ခွဲလို့မရဘူး။ အမြဲတမ်းသူတို့က ဒွန်တွဲနေတာ။ တစ်ဆက်တည်းဖြစ်နေတာ။ ရင်သားကြော သားခွဲလို့မရဘူး၊ သူတို့ကကပ်နေကြတာ။ “ညောင်းညာခြင်းဖြင့်” ဆိုတာက တစ်ခါတစ်လေ ညောင်းညာလာ မယ်။ “တင်းတင်းလျှော့လျှော့” လို့ဆိုသလို ထိုင်တဲ့အခါမှာ တင်းတာတွေ လျှောင့်တာတွေလဲဖြစ်လာမယ်။ “ပေါ့ပေါ့လေးလေး” ဆိုတာက တစ်ခါတစ်လေ ထိုင်နေရင်း ထိုင်လို့ကောင်းတာ ပေါ့ပါးနေတာတွေဖြစ်လာ တတ်တယ်။ တစ်ခါတစ်လေ ခြေထောက်က အရမ်းကိုလေးလာတယ်၊ အတုတ်ကြီးလို့ကိုထင်နေရတာ။ “အေးလိုက်ပူလိုက်” ကတော့ ရှင်းပါတယ်။ ဥတုရဲ့ဒဏ်ကြောင့် စိတ်ရဲ့ဖိစီးမှုဒဏ်ကြောင့် သင်္ခါရသဘောတွေ ကြောင့် ဒီခန္ဓာကိုယ် တစ်ခါတစ်လေ အေးလိုက်ပူလိုက်ဖြစ်နေတာ။ “တစ်ဖြိုက်ဖြိုက်နှင့်” ဆိုတာကတော့ အားထုတ်ရင်း ချွေးတွေလဲ တစ်ဖြိုက်ဖြိုက်ကြလာတတ်တယ်။ “မောဟိုက်နွမ်းခွေ ဆင်းရဲပေ၏” လို့ဆိုသလို ဒီခန္ဓာကြီးက ပင်ပန်းဆင်းရဲတယ်။ သူ့ကိုရှုကြည့်ရင် မောဟိုက်သွားတာပဲ။ ပါဠိလိုက “နတ္ထိ ခန္ဓာ သမာ ဒုက္ခာ” လို့ဆိုထားတယ်၊ ဒီခန္ဓာကိုယ်ကြီးနဲ့ တူတဲ့ဆင်းရဲဟာ ဒီလောကမှာမရှိဘူးလို့ မြတ်စွာဘုရားဟောထား ခဲ့တယ်။ ခန္ဓာကိုယ်ကိုရလာတာဟာ ဒုက္ခအစုအပုံကြီးကို ရလာတာနဲ့အတူတူပဲ။
ပါးစပ်ဖြစ်ပျက် နဲ့ ဉာဏ်ဖြစ်ပျက်
အခုယောဂီများ ထိုင်ပြီး တော့ တရားရှုမှတ်တာဟာ ခန္ဓာကိုယ်ရဲ့ လက္ခဏာရေးသုံးပါးကိုမြင်အောင် စောင့်ပြီးတော့ရှုနေတာ။ လက္ခ ဏာရေးသုံးပါးကို ချံုးလိုက်ရင် “ဖြစ်ပျက်” ပေါ့။ အနိစ္စ ဒုက္ခ အနတ္တ သုံးပါးလုံးဟာ ဒီဖြစ်ပျက်ဆိုတဲ့အထဲကို အကြံုးဝင်သွားတာ။ ဒါကြောင့် ယောဂီတို့ တရားရှုမှတ်တဲ့နေရာမှာ ဒီဖြစ်ပျက်မြင်ဖို့က အရမ်းကိုအရေးကြီးတယ်။ တစ်ချို့တွေမှာ ဖြစ်ပျက်က ထင်လာတယ်၊ ဒါပေမယ့် မကြည့်တတ်ရင် အဲဒီဖြစ်ပျက်က ပြောက်သွား တတ်တယ်။ ပေါ်လာတဲ့သဘောတရားတွေမှာ ဘယ်ဟာကဖြစ်ပျက်လဲ ဆိုတာကိုသိဖို့လဲ အရေးကြီးတယ်။ ပေါ်လာသမျှအားလုံးကို ဖြစ်ပျက်ပဲကွာလို့ ပါးစပ်နဲ့ ပြောရုံနဲ့မဖြစ်ဘူး၊ ဉာဏ်အမြင်နဲ့ တတ်အပ်ထင်ထင်သိတဲ့ ဖြစ်ပျက်ကို သိမှဖြစ်မှာ။ ဒါကြောင့် ၀ီရိယစိုက်ပြီး တရားအလုပ်ကို ကြိုးစားအားထုတ်တဲ့အချိန်အခါမှာ ဆိုင်ရာဆိုင်ရာ အထိုက်အလျှောက် ဒုက္ခဝေဒနာပေါ်လာမယ်။ တစ်ခါတစ်လေ သုခဝေဒနာထဲ ရောက်ရင်ရောက်မယ် တစ်ခါတစ်လေတော့ ဥပေက္ခာဝေဒနာထဲရောက်သွားနိုင်တယ်။ ဘယ်ဝေဒနာထဲပဲရောက်ရောက် ဒီဝေဒနာ ကြားထဲမှာ ဖြစ်ပျက်လေးတွေမြင်အောင် ယောဂီတို့ ဂရုစိုက်ပြီးရှုဖို့အရေးကြီးတယ်။
ဥပေက္ခာဝေဒနာမှ ဖြစ်ပျက်သဘော
စထိုင်တုန်းကတော့ ဥပေက္ခာ ဝေဒနာ ပေါ်တာပေါ့၊ သူက နာတာလဲမဟုတ်ဘူး မနာတာလဲမဟုတ်ဘူး။ ထိုင်နေရင်း အရေပြားပေါ်၊ ခြေဖဝါးပေါ်၊ ငယ်ထိပ်ပေါ်စသည်တို့မှာ စပ်ဖြင်းဖြင်း ယားကျိကျိ တမွမွ တရွရွလေးတွေကိုကြည့်ရမယ်။ လယ်တီဆရာ တော်ဘုရားကြီးက ဒါတွေကို ဖောဋ္ဌဗ္ဗဓာတ်လို့ဆိုတယ်။ တွေ့ထိတတ်တဲ့ဓာတ်သဘောလေးတွေ။ ပထဝီ၊ တေ ဇော၊ အာပေါ၊ ၀ါယော ဓာတ်တွေပျိုးလို့ ဒါတွေ ဖောက်ပြန်ပြောင်းလဲနေတာ။ ငယ်ထိပ်ကို စိုက်ကြည့်ရင်လဲ ဒီ အတိုင်းပဲ တရှိန်ရှိန် တငွေ့ငွေ့နဲ့ တော်ကြာနေ အေးသလိုလို ယားသလိုလို ဘောက်တွေထလို့ယားကျိကျိဖြစ် နေသလိုလို ဖြစ်နေကြတာ။ ဒါတွေဟာ ပြောင်းလဲနေတဲ့သဘောတွေလို့ နားလည်ရမှာ။ ယားတယ် ယားတယ် လို့ပဲမှတ်နေရင် ဒါဉာဏ်မရောက်ဘူး။ ယားတာကို ယားမှန်းသိပြီး ဘယ်လိုယားနေတာလဲဆိုတာကို သေချာ စောင့်ကြည့်၊ ဒီယားကျိကျိ ဆက်တိုက်ဆက်တိုက်ဖြစ်နေတာဟာ ပြောင်းလဲတဲ့သဘော မမြဲတဲ့သဘောလို့ မြင်ရမှာ။ ဒါဟာ ဥပေက္ခာဝေဒနာကတစ်ဆင့် ရုပ်နာမ်တရားတို့ရဲ့ ဖြစ်ပျက်မှုတွေကို ဉာဏ်နဲ့ရှုမှတ်နေတာ၊ ဖြစ်ပျက် သဘောဆိုက်ရောက်ပြီး ဓမ္မာနုပဿနာထဲဝင်ရမှာ။
ဒုက္ခဝေဒနာမှ ဖြစ်ပျက်သဘော
တစ်ခါတစ်လေ ဒုက္ခဝေဒနာပေါ်လာတယ်။ ဒုက္ခဝေဒနာပေါ်တဲ့ အချိန်မှာ ယောဂီတို့သည်းခံပြီးရှုရမယ်။ ဝေဒနာသုံးပါးလုံးဟာ အနိစ္စ မမြဲဘူး။ ဒုက္ခဝေဒနာမှာ အနိစ္စကိုမြင် ဖို့အတွက် ယောဂီတို့ ထပ်ထပ်ခါခါ ဇွဲကြီးစွာနဲ့ စောင့်ပြီးတော့ ကြည့်ရမယ်။ တစ်ခဏလေး စောင့်ကြည့်ရုံနဲ့ ဒုက္ခဝေဒနာထဲက ဖြစ်ပျက်မှုတွေကို မတွေ့နိုင်သေးဘူး။ စရှုတဲ့အချိန်မှာ နာတာပဲတွေ့မယ်၊ အချိန်ယူ ၀ီရိယစိုက်ပြီး ဆက်ရှုရင်တော့ တစ်ဖြည်းဖြည်းနဲ့ ဝေဒနာရဲ့ပြောင်းလဲမှုတွေကိုမြင်လာမယ်။ ရေနွေအိုးကျိုချက်သလိုပဲ ချက်ချင်းကျို ချက်ချင်းမဆူဘူး။ အကြာကြီးတည်ထားမှ အမြှုပ်လေးတွေ တစ်ဖြည်းဖြည်းခြင်း တစ်မြှုပ်ခြင်း တစ်မြှပ်ခြင်း တတ်လာပြီး နောက်တော့မှ တစ်အိုးလုံး ပွတ်ပွတ်ဆူသွားတာ။ ဒုက္ခဝေဒနာလဲ ဒီအတိုင်းပါပဲ၊ စရှုတော့ နာတာပဲသိမယ်၊ သည်းခံပြီး ဆက်ရှုနေရင် နာတဲ့အထဲမှာ အောင့်တာတွေ ထိုးတာတွေကိုမြင်တွေ့နိုင်မယ်။ နောက်ဆုံး ဝေဒနာရဲ့ ဖြစ်ပျက်မှုတွေ ဗြောင်းဆန်ခက်နေတာကိုတွေ့ရမယ်။ ဒီဗြောင်းဆန်ခက်နေတာ တွေကို တွေ့မှ ဝေဒနာရဲ့ဖြစ်ပျက်မှုတွေကို နားလည်သဘောပေါက်လာမယ်။
သုခဝေဒနာမှ ဖြစ်ပျက်သဘော
တစ်ချို့ယောဂီများ ခန္တီတရား အားကြီးတော့ ထိုင်ရင်းထိုင်ရင်းနဲ့ ဒီဆင်းရဲတဲ့ဒုက္ခဝေဒနာကြီး ပြုန်းခနဲ ပြောက်ထွက်သွားတယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ် တစ်ကိုယ်လုံးပေါ့ပါးပြီးတော့ သုခဝေဒနာ ထဲရောက်သွားတယ်။ ဒါကို တစ်ချို့က ဝေဒနာလွန်တယ် လို့ပြောကြတယ်။ ဒုက္ခဝေဒနာကိုလွန်ပြီးတော့ သုခဝေဒနာထဲရောက်သွားတာကိုပြောတာ။ သုခဝေဒနာထဲသို့ ရောက်သွားသော်လဲ ဖြစ်မှုပြတ်မှုကရှိနေဦးမှာ။ တစ်ချို့ကြတော့ ၀မ်းသာပီတိဖြစ်ပြီးတော့ မှိန်းနေတာ။ ဒီလိုမျိုး မနေရဘူး၊ သုခဝေဒနာပေါ်ရင်လဲ အနာပြောက်သွားတဲ့နေရာလေးကို သေချာပြန်စူးစိုက်ကြည့် ဒဏ်ရာဒဏ်ချက်လေးတွေ ကျန်ဦးမယ် တဖျင်းဖျင်း တမွမွ တရွရွလေးတွေ အသေးစားဖြစ်ပျက်မှု ဝေဒနာလေးတွေ ကျန်နေ ဦးမယ်။ ဒါတွေကို ပြန်စိုက်ကြည့်ရင် ဖြစ်ပျက်မှုတစ်ကိုယ်လုံးကို လွှမ်းခြံုသွားမယ်။ ဒါကြောင့် တရားအားထုတ် တဲ့နေရာမှာ ဒီဖြစ်ပျက်တွေကိုမြင်ဖို့ ယောဂီတို့ဝီရိယစိုက်ရမယ်၊ ခန္တီတရားရှိရမယ်၊ နှလုံးသွင်းမှန်ရမယ်။ ဝေဒနာ ပေါ်လာတိုင်း ပေါ်လာတိုင်း ခြံအပြင်ဘက်မှာရှိတဲ့ သရက်ပင်လို့သဘောထားပြီးတော့ သည်းခံရမယ်။ “ငါ နာတယ်၊ ငါနာတယ်” ဆိုတဲ့ အတ္တစွဲနဲ့ သည်းမခံရဘူး။ ခြံအပြင်ဘက်မှာရှိတဲ့ သရက်ပင်ကို ဘယ်သူပဲ တက် ခူးခူး ငါနဲ့မဆိုင်ဘူးလို့ သဘောထားရမယ်။
ပညာအစစ်ဆိုတာ
“ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကို ပညာစက္ခု မျှော်ထောက်ရှုလျက်” လို့ ဆိုတာက ဒီရုပ်နဲ့နာမ်ကို ပညာစက္ခုနဲ့ ရှုတဲ့ အခါမှာ ဖြစ်ပျက်မှုကိုတွေ့မယ်။ ပညာရဲ့သဘောတရားက အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာသုံးပါးကို သေ ချာပိုင်းခြားစွာသိမှ ပညာအစစ်လို့ခေါ်တာ။ “ဖြစ်ပျက်မှုအစဉ် ထိုးသွင်းမြင်သော် ” ဆိုသလို ဖြစ်ပျက်မှုများကို မြင်လာပြီဆိုရင် ၀ိပဿနာဉာဏ်ကနေ ဉာဏ်စဉ်ကိုတတ်တာပဲ။ “ဉာဏ်စဉ်အဆင့်သည် တစ်ဆင့်နှင့်တစ်ဆင့် မြင့်မြင့်တက်၍”တဲ့. . . ဆိုလိုတာက သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်စသဖြင့် ဉာဏ်စဉ်ကရောက်သွားမှာ (တက်သွားမှာ)။ အဓိကလိုအပ်တာက ယောဂီတို့ ၀ိပဿနာလမ်းပေါ်ရောက်ဖို့အရေးကြီးတယ်။ ဖြစ်ပျက်ဆိုတဲ့ ၀ိပဿနာက (ဥဒ္ဒယဗ္ဗယ) ဆိုတဲ့ဖြစ်ပျက်ကို သေသေချာချာ သိပြီမြင်ပြီဆိုရင် ဘာဆက်လုပ်ရမှာလဲဆိုတော့ ပွားများရမှာ။ စိတ်ငြိမ်ငြိမ်ကလေးထားပြီးတော့ ဖြစ်ပျက်မြင်တဲ့နေရာလေးကို စူးစူးစိုက်စိုက်ကြည့်ပါ။ ကြည့်ပါများရင် ဒီဖြစ်ပျက်မှုသဘောလေးက တစ်ကိုယ်လုံးလွှမ်းခြံုသွားမယ်။ ခြေဆုံးခေါင်းဆုံး ဖြစ်မှုပျက်မှု တွေလွှမ်းခြံုသွားမယ်။ အဲဒီဖြစ်ပျက်လမ်းကြောင်းအတိုင်းကို ယောဂီတို့လိုက်သွားရမှာ။
အရေးအကြီးဆုံး အချက်
တစ်ချို့ယောဂီများ ဖြစ်ပျက်တွေ တစ်ကိုယ်လုံးဗြောင်းဆန်ခတ်နေအောင်ဖြစ်ပျက်တွေ ပေါ်လာတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီးကို သဲနဲ့ပတ်သလိုလို၊ ပေါက်ပေါက်ဆုပ် ဖောက်သလိုပဲ တစ်ဗြောင်းဗြောင်းနဲ့ ခန္ဓာကို တစ်ကိုယ်လုံးကွဲကြေသွား တဲ့သဘောလေးတွေ ထင်လာတယ်။ အဲဒီအချိန်မှာ အရေးကြီးဆုံးက ဘာဖြစ်တတ်သလဲဆိုတော့ သတိထားရမယ့် အချက်လေးတစ်ကို ပြောပြမယ်၊ ဂရုစိုက်ပြီးတော့ နားထောင်ပါ။ ဖြစ်ပျက်တွေ တစ်ကိုယ်လုံး တစ်ရှိန်ရှိန်၊ တစ်ဖြန်းဖြန်း အရှိန်ကြီးစွာနဲ့ပေါ်လာပြီဆိုရင် ကြောက်စိတ် ၀င်လာတတ်တယ်။ ဘင်္ဂဘယဆိုတဲ့ ကြောက်စိတ်ဝင်လာရင် ယောဂီများ တရားဖြုတ်ပစ်တတ်တယ်။ တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့စိတ် ဖြစ်ပေါ်တတ်တယ်။ ဘယ်လိုဖြစ်တတ်လဲဆိုတော့ ဖြစ်ပျက်တွေ တအားပြည့်လျံလာတဲ့အချိန် (ဖြစ်ပျက်တွေ တစ်ကိုယ်လုံး ပျံ့နှံ့နေတဲ့အချိန်)ကြတော့ ယောဂီတို့ရဲ့ နှလုံး ခုန်နှုန်းကလဲ အဆမတန်မြန်လာတတ်တယ်။ သွေးခုန်နှုန်းလဲမြန်လာတတ်တယ်။ အဲဒီအချိန်မှာ ကြောက် စိတ်ဝင် ပြီးတော့ ငါနှလုံးရောဂါများဖြစ်မလားဆိုပြီး ကြောက်စိတ် စိုးရိမ်စိတ်တွေဝင်လာတာ။ အဲဒီလိုဖြစ်လို့ တရား ဖြုတ်ပစ်လိုက်ရင် အဲဒီယောဂီအတွက် နှမျှောစရာပဲ။ အဲဒီအချိန်မှာ ကြောက်စိတ်တွေဝင်သော်ငြားလဲ ယောဂီတို့ ဒီခန္ဓာကိုယ်ကိုမစွဲနဲ့တော့၊ လွှတ်ပစ်လိုက်တော့၊ တရားရှုနေရင်းနဲ့ ဘာပဲဖြစ်ဖြစ် အားလုံးကိုစွန့်ပစ် လိုက်၊ တရားသဘောအတိုင်းပဲလိုက်သွားတော့။ ကိုယ့်စိတ်ကို အလိုမလိုက်နဲ့၊ ကြောက်စိတ် စိုးရိမ်တဲ့စိတ်တွေ ၀င်လာရင် အာနာပါန ထွက်သက်ဝင်သက်ကို (၁၀) ကြိမ်လောက် ပြန်ရှုလိုက်ပါ။ “ဆရာသမားပြောထားတယ်၊ ဒီလိုကြောက်စိတ် ကဖြစ်တတ်တယ်၊ မကြောက်နဲ့” လို့ ကိုယ့်ကိုယ်ကိုသတိပေးပြီး ဖြစ်ပျက်နောက်ကိုပဲ ဆက်လိုက်သွားရမယ်။ အဲဒီလိုဆက်လိုက်သွားရင် ဘာဖြစ်မှာလဲဆိုတော့ တရားက ကိုယ့်ကို ဆက်ခေါ်သွားမယ်။
တရားနောက်ကိုပဲလိုက်
ဟိုဘက်ကမ်းကိုကူး ဖို့ဆိုတာ ကိုယ့်အလုပ်မဟုတ်ဘူး၊ တရားရည်ပြည့်ဝသွားရင် သူ့အလိုလို တရားက ဟိုဘက်ကမ်းကိုခေါ်ဆောင် သွားမယ်။ ယောဂီတို့ရဲ့တာဝန်က ဝေဒနာကိုသည်းခံ၊ ဝေဒနာတွေထဲမှာ ဖြစ်ပျက်ကိုဦးစားပေးပြီးရှာ၊ ဖြစ်ပျက်တွေ များလာလို့ တစ်ကိုယ်လုံးပြည့်လျံလာရင် သတိကြီးစွာထား၊ ကြောက်စိတ်ပေါ်မယ် ဒါပေမယ့်မကြောက်နဲ့၊ ဘာပဲဖြစ်ဖြစ် တရားဆောင်တဲ့အတိုင်းပဲနေ၊ အဲဒီလိုလုပ်သွားရင် ယောဂီတို့အတွက် အကျိုးတွေအများကြီး ရသွားမယ်။
ဒါကြောင့် “ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကို ပညာစက္ခု မျှော်ထောက်ရှုလျက် ဖြစ်ပြတ်မှုအစဉ် ထိုးသွင်းမြင်သော် ဉာဏ်စဉ်အဆင့်သည် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြင့်တက်၍ သောတပတ္တိမဂ် သောတာပတ္တိဖိုလ် သကဒါဂါမိမဂ် သကဒါဂါမိဖိုလ် အနာဂါမိမဂ် အနာဂါမိဖိုလ် အရဟတ္တမဂ် အရဟတ္တဖိုလ် လောကုတ္တရာ မဂ်ဉာဏ်ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ဧကန်မုချ တွေ့မြင်ရအောင်” လို့ဆိုထားတာက မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန် ဆိုက်ဖို့ ဖြစ်ပျက်လမ်းကြောင်းပေါ်ရောက်မှ လမ်းမှန်မယ်။ ဒီဖြစ်ပျက်က ဦးဆောင်ပြီးတော့ ဖြစ်ပျက်လမ်းကြောင်းအတိုင်း ယောဂီလျှောက်သွားတော့ လမ်းဆုံးရင်ရွာရောက်ဆိုသလို မိမိတို့အတွက် စိတ်ချရမယ့် နေရာကို ဉာဏ်ကခေါ် ဆောင်သွားမယ်။ ပဋိညာဉ်ခံယူတယ်ဆိုတာက ဒီပဋိညာဉ်ကိုရေးတဲ့ ကမ္မဋ္ဌာန်းဆရာကြီး ဦးလှရွှေက တရားဖြစ်စဉ်အတိုင်း ခန္ဓာကိုယ်ဖြစ်စဉ်အတိုင်း မဂ်ဆိုက်ဖိုလ်ဝင်တဲ့အထိ ဒီပဋိညာဉ်စာတမ်းလေးကို ရေးထားတာ။ မိမိတို့က ပါးစပ်ဖြင့်ရွတ်ဆိုရုံမဟုတ်ဘဲ ဉာဏ်နဲ့စူးစူးစိုက် အဓိပ္ပါယ်လေး နားထောင်ပြီးတော့ လေးလေးနက်ခံယူရွတ် ဆိုသွားပါ။ ဒါကတရားရဲ့ နည်းလမ်းကို သင်ပေးတာနဲ့အတူတူပဲ၊ မဂ်ဆိုက်ဖိုလ်ဝင်တဲ့အထိ သူကကျေးဇူးပြု သွားမယ်။
ဒါကြောင့် တရားအားထုတ်တဲ့ယောဂီများ ဒီကနေ့ ပဋိညာဉ်ရှင်းတမ်းကတော့ ဆရာတော်က တစ်နာ ရီတိတိ ယောဂီများကို ရှင်းလင်းပေးသွားပါပြီ၊ မိမိတို့ရဲ့တရားအလုပ်ကို ဆက်လက်ပြီးတော့ ရှုမှတ်ပွားများကြပါ။
နောက်ထပ်အရေးကြီးတဲ့ အချက်
ယောဂီတို့အတွက် နောက်ထပ်အရေးကြီးတဲ့အချက်လေးတစ်ချက် ထပ်ပြောပါမယ်။ တချို့သောယောဂီများ တရားကိုကြာကြာထိုင်ပြီးတော့ ရှုမှတ်တဲ့အချိန် ခန္ဓာကိုယ် တုန်ခါလာတာတို့ ဖြစ်လာတတ်တယ်။ ဒူးတို့ကိုယ်တို့တုန်ခါ လာတတ်တယ်။ အဲဒီလိုမျိုးဖြစ်ရင် လိုက်ပြီးတော့ မလှုပ်ပေးနဲ့ မတုန်ပေးနဲ့။ တတ်နိုင်သမျှ သတိကြီးစွာထား ပြီးတော့ထိန်းထားပါ။ တရားအားထုတ်တယ်ဆိုတာ ကာယိန္ဒြေိရှိရမယ်။ တစ်ချို့က တုန်နေတဲ့အချိန်မှာ လိုက်တုန်ပေးရင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတတ်တယ်။ အဲဒီဖြစ်သွားရင် သတိကြီးစွားနဲ့ “ငါတုန်နေပါလား”လို့ ဆိုပြီး သူ့ကိုတင်းထား။ ခြေထောက်က အရမ်းတုန်နေပြီးဆိုရင် ဘက်ပြောင်းရင်လဲ ပြောင်းပေးရတယ်။ အဲဒီလိုတုန်ခါ နေတဲ့အချိန်မှာ ဘေးမှာထိုင်တဲ့ယောဂီပုဂ္ဂိုလ်လဲ ကူညီသင့်ရင်ကူညီရမယ်၊ ကူညီနိုင်တယ်။ ယောဂီတစ် ယောက်က ဒူးတုန်နေတယ်ဆိုရင် သူ့ကိုကောင်းမွန်လိုတဲ့စိတ်နဲ့ သတိပေးရင် ကုသိုလ်ပိုပြီးတော့ရတယ်။ “ယောဂီ သတိထား” လို့ဖြည်းညင်းစွာ သတိပေးပြီး သူ့ရဲ့ဒူးကို အသာလေး ဖိထားပေးလိုက်ပါ၊ ပြန်ငြိမ်သွားပါလိမ့်မယ်။ သူ့ပုခုံးတုန်နေတယ်ဆိုရင် သူ့ပုခုံးကိုအသာလေးဆုပ်ထားလိုက်၊ သူငြိမ်ကျသွားမယ်။
နောက်တစ်ချက်က အာရုံအနောက်ကို မလိုက်ပါနဲ့။ အလင်းတန်းသို့စသဖြင့် မြင်လာတတ်တယ်။ ဘုရားစျာန်ပျံတာ ရဟန္တာ စျာန်ပျံတာ စသည်များကို မြင်တတ်တယ်၊ ဒါတွေကို ရှောင်တတ်ဖို့လိုအပ်တယ်။ အဲဒီလိုအာရုံနောက်ကို လုံးဝ(လုံးဝ) မလိုက်ရဘူး။ အလင်းတန်းကို မြင်တဲ့အချိန်မှာ စိတ်ကအဲဒီမှာစွဲသွားရင် အန္တရာယ်ဆယ်ပါးထ ဲရောက်သွားတယ်။ အဲဒါကြောင့် အလင်းတန်းတွေပေါ်လာရင် မကြည့်ရဘူး၊ မစွဲရဘူး။ ခန္ဓာကိုယ်ထဲက ဖြစ်ပျက်တို့ ဝေဒနာတို့ကိုပဲ ပြန်လိုက်ရမယ်။ အလင်းတန်းတို့ အာရုံတို့မပျောက်ဘူးဆိုရင် ခေတ္တခဏ မျက်စိကို အသာလေးဖွင့်လိုက်၊ ဖွင့်ပြီးတော့့ ပြန်ပိတ်ပြီး တရားပြန်ရှုရမယ်။ ဒီနှစ်ချက်ဟာ ယောဂီတို့အတွက် သတိထားစရာ အရေးကြီးတဲ့အချက် တွေပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကိုတောင့်မထားပါနဲ့၊ ထွက်သက်ဝင်သက်ကိုလဲ ပုံမှန်ပဲရှုပါ။ ဖြစ်ပျက်ကို စောင့်ကြည့်ပါ။
တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း-တန့်ယန်း)
သာသနာ့တက္ကသီလ မဟာဓမ္မာစရိယ (M.A, A.M)

www.shanviews.com
ပဋိညာဉ် ခံယူခြင်း (ဝိပဿနာရှင်းလင်းချက်)
Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ)
on
August 22, 2016
Rating:
No comments: